နေပြည်တော် ဇန်နဝါရီ ၂၅
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံ ဆိုင်ရာဌာနေ ကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် ဒုတိယဌာနေကိုယ်စားလှယ် Ms. Yukiko lriyama တို့အား ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီး ဌာန၊ အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက် ရေးအတွက် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ ကော်မတီအဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြားတိုင်းဒေသကြီး/ ပြည်နယ်များထက် ဘဏ္ဍာငွေပိုမိုခွဲဝေချထားကာ အခြေခံအဆောက် အအုံများဖြစ်သည့် လမ်းပမ်း ဆက်သွယ်မှုကောင်းမွန်ရေး၊ ပညာရေးနှင့် ကျန်းမာရေး ကောင်းမွန်ရေးနှင့် အလုပ်အကိုင် အခွင့် အလမ်းများ ဖြစ်ထွန်းအောင်မြင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ တစ်ဖက်နိုင်ငံသို့ နေရပ် စွန့်ခွာ သွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းကိုလည်း နှစ်နိုင်ငံအစိုးရအချင်းချင်း ညှိနှိုင်း ဆောင်ရွက်နေမှု ၊ ပြန်လည်ဝင် ရောက်လာသူများအတွက် ပြန်လည်နေရာချထားရေး၊ ရေရှည် ဘဝရပ်တည်နေထိုင်နိုင်ရေးတို့ အတွက် မိမိတို့ဌာနနှင့် UNDP/UNHCR တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးဆောင်ရွက်နေမှုနှင့် ယခု UNHCR ဌာနေကိုယ်စားလှယ် အနေဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောဒေသို့ သွားရောက်ခဲ့ရာမှ တွေ့မြင်သိရှိချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြား သည်။
ထို့နောက် UNHCR ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun က မိမိတို့အနေဖြင့် ပြီးခဲ့ သည့်ရက်ပိုင်းက ဘားအံဒေသနှင့် ရခိုင်ပြည်နယ်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောဒေသ များ သို့ သွားရောက်ခဲ့မှု ၊ မတူညီသည့်ဒေသနှစ်ခုသို့ သွားရောက်ခဲ့ရသည့်အတွက် ရရှိသည့် အတွေ့ အကြုံ ၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောတို့၌ ဒေသအာဏာပိုင်များ၊ ရပ်မိရပ်ဖများ၊ ဆရာ/ ဆရာမများနှင့်တွေ့ဆုံခဲ့မှုနှင့် ဘူးသီးတောင်၊ မောင်တောဒေသရှိ ကျေးရွာ (၁၁) ရွာသို့ သွားရောက် ခွင့်ရရှိသည့်အတွက် မျက်မြင်တွေ့ရှိခဲ့ရမှု၊ ဒေသခံပြည်သူများ၏ စကားသံများ နှင့် လိုအပ်ချက်များ အပေါ် ဖြည့်ဆည်းပေး နိုင်ရေးအခြေအနေ၊ UNDP နှင့် UNHCR တို့ ဖော် ဆောင်နေသည့် အကျိုးသက်ရောက်မှု ထိရောက်မြန်ဆန်သည့်စီမံကိန်း (Quick Impact Projects - QIPs) လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်တိုးချဲ့ ဆောင်ရွက်မည့် အစီအစဉ် များ၊ ပြန်လည် ဝင်ရောက်လာသူများအား ၎င်းတို့၏ နဂိုမူလနေရာများ၌ ပြန်လည်နေရာချ ထား ပေးနိုင်ရေးနှင့် MoU ပါအချက်အလက်များအတိုင်း အောင်မြင်အောင် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တော် အစိုးရအနေဖြင့် စီမံကိန်းများချမှတ်ကာ အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလို အပ်ချက်မှာ လုံခြုံမှုရှိရေးပင်ဖြစ်ကြောင်း၊ ဒေသ လုံခြုံ တည်ငြိမ်ပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နေရပ် စွန့်ခွာ သွားသူများအနေဖြင့် ၎င်းတို့၏ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာဖြင့် ဂုဏ် သိက္ခာ ရှိစွာ ပြန်လာနိုင်ရေးနှင့် နဂိုမူလနေရာများတွင် အတတ်နိုင်ဆုံးနေရာချထားပေးနိုင်ရေး၊ လုံခြုံရေး ၊ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရန် မျှော်မှန်း၍ အတတ်နိုင်ဆုံး မူလနေရာ နှင့် အနီးဆုံးနေရာများ၌ ပြန်လည် နေရာချထားပေးနိုင်ရေးအတွက် ရေးထိုးထားသည့် MoU နှင့် အညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟန်ချက်ညီညီ စီမံဆောင်ရွက်နေသကဲ့သို့ ရခိုင်ဒေသ တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော် အစိုးရ၏ ဆောင်ရွက်ချက်များကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဆောင် ရွက်မှုများနှင့် ပူးပေါင်းအကောင် အထည်ဖော်နိုင်မည်ဆိုပါက ဒေသခံပြည်သူများအတွက် များစွာ အကျိုးဖြစ်ထွန်းမည်ဖြစ်ရာ လုပ်ငန်းများ အောင်မြင်ရေး အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
(သတင်းစဉ်)