ရန်ကုန် ဇန်နဝါရီ ၇
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများအား ကျန်းမာရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပံ့ပိုး ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြား သည်။
“ကျွန်တော်တို့ ပံ့ပိုးနိုင်တာမှန်သမျှ အားလုံးပံ့ပိုးပေး တယ်။ သူတို့ကို ကောက်ခံနေတဲ့ စီမံခန့်ခွဲမှုစရိတ်ဆိုတာ မကောက်ခဲ့တာ ကြာပါပြီ။ ပြီးခဲ့တဲ့နှစ် မတ်လကနေ အခုထိ မကောက်ပါဘူး။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ကျန်းမာ ရေးဆိုင်ရာ စည်းကမ်းချက် တွေအရ ဆေးနဲ့ပိုးသတ် ရမယ့်အပိုင်းတွေရှိမယ်။ ပါးစပ် နှာခေါင်းစည်းတွေ သုံးရ မယ်ဆိုတာမျိုးတွေကို အမြဲတမ်းပံ့ ပိုးပေးနေပါတယ်” ဟု YRTA အတွင်းရေးမှူးက ပြောကြားသည်။
မြို့တွင်း ခရီးသွားပြည်သူများအား YBS ယာဉ်များ စီးနင်းရာတွင် လက်သန့်စင်ဆေးရည် အသုံးပြုရန်နှင့် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင် စီးနင်း စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် YRTA တို့မှ အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိပါက ယာဉ်စီးနင်း ခြင်းကို ခွင့်မပြုကြောင်း YBS ယာဉ်ကြီးများတွင် အသိပေးကြေညာထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်ကြီးများ၏ ခရီးသည်စီးနင်းမှုအနေဖြင့် ဇန်နဝါရီ ၆ ရက်တွင် ယာဉ်လိုင်းပေါင်း ၁၀၆ လိုင်းမှ ယာဉ်အစီးရေ ၃၂၅၂ စီး ပြေးဆွဲပေးခဲ့ပြီး ခရီးသည်ဦးရေ ၆၁၇၅၀၇ ဦး စီးနင်းသည်။ မြို့တွင်းခရီးသွားများအနေဖြင့် နံနက်နှင့် ညနေ ရုံးဆင်းချိန်များ တွင် စီးနင်းမှုများပြားပြီး နေ့လယ်နေ့ခင်းတွင် လိုက်ပါစီးနင်းသူ ခရီးသည် နည်းပါးလေ့ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် YBS စီးနင်းသူများအနေဖြင့် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ စီးနင်းမှုနည်းပါးသွားကြောင်း တွေ့ရှိရသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ကျစေရေးအတွက် ခရီးသည်တင်ယာဉ်ကြီးများအား ဘေးမှန်တံခါးဖွင့် မောင်းနှင်စေပြီး လေဝင်လေထွက်ကောင်းမွန်စေရန် စီမံထားသည်။
နေ့စဉ်ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းအရေအတွက်နှင့် မော်တော်ယာဉ်အစီးရေမှာ ခရီးသွားပြည်သူများ၏သွားလာမှု အခြေအနေအရ လည်းကောင်း၊ ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေအရ လည်းကောင်း စီမံပြေးဆွဲနေရခြင်းဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - လင်းညွန့်