နေပြည်တော် ဇန်နဝါရီ ၇
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကွပ်ကဲရေးရုံးသို့ သွားရောက်ကြည့်ရှု စစ်ဆေး သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်ရှိ အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွပ်ကဲရေးရုံးသို့ ရောက်ရှိ ရာ အရှေ့တောင်အာရှပိုက်လိုင်းကုမ္ပဏီ South East Asia Pipeline Co., Ltd. (SEAP) မှ Deputy Director ဖြစ်သူ Mr. Xia Donglun (မစ္စတာရှီဒေါင်လင်)က အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ South East Asia Gas Pipeline Co., Ltd. (SEAGP) သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို တစ်ရက်လျှင်ပျမ်းမျှ ကုဗပေသန်း ၅၀၀ ခန့်ကို လည်းကောင်း၊ အရှေ့တောင် အာရှ ရေနံစိမ်းပိုက်လိုင်းကုမ္ပဏီ South East Asia Crude Oil Pipeline Co., Ltd. (SEAOP) သည် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ပြည်ပမှ တင်သွင်းသည့် ရေနံစိမ်းအား တစ်ရက်လျှင်ပျမ်းမျှ ကုဗမီတာ ၃၅၀၀ ခန့်ကိုလည်းကောင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ တစ်ဆင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပိုက်လိုင်းများဖြင့် ပို့ဆောင် ပေးလျက်ရှိပါ ကြောင်း၊ ထိုသို့ ပို့ဆောင်ရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေး အတွက် မန္တလေးပင်မထိန်းချုပ် စခန်း၊ ကျောက်ဖြူ၊ မဒဲကျွန်း၊ ဆင်ခုံတိုင်၊ ရေနံချောင်း၊ တောင်သာ၊ ပြင်ဦးလွင်၊ သီပေါ၊ နမ့်ခမ်း၊ မူဆယ်၊ နေပြည်တော်စခန်းများမှ ပိုက်လိုင်းအား အချိန်ပြည့် စောင့်ကြည့်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သက်ဆိုင်ရာဉပဒေ၊ နည်းဥပဒေများနှင့်အညီ သဘာဝပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများ၊ ဝန်ထမ်းများ၏ ကျန်းမာရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ၊ မြေယာသီးနှံလျော်ကြေးပေးရေး လုပ်ငန်းများနှင့် လူမှုရေးတာဝန် သိမှု Corporate Social Responsibility (CSR) လုပ်ငန်းများကို အထူးအလေးထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ပိုက်လိုင်းစခန်းအသီးသီးမှ ပေးပို့လာသော သတင်းအချက် အလက်များ နှင့် ပိုက်လိုင်းအရေးပေါ်အခြေအနေ ဖြစ်ပွားလာပါက ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသို့ အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားပြီး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိတွင် ရေနံစိမ်း ပိုက်လိုင်းစီမံကိန်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း တို့တွင် မြန်မာနိုင်ငံသား ၉၇၀ ဦး (၈၁ ရာခိုင်နှုန်းခန့်) တာဝန်ထမ်းဆောင်လျက်ရှိပြီး ဆက်လက်၍ မြန်မာနိုင်ငံသား ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှု ရာခိုင်နှုန်းနှင့် လုပ်ငန်းကျွမ်းကျင်မှုများ ပိုမိုတိုးတက် စေရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်ကွပ်ကဲရေးရုံးတွင် မြန်မာ နိုင်ငံသား ၃၃ ဦးနှင့် နိုင်ငံခြားသား ၁၀ ဦးတို့မှ ၂၄ နာရီ အလှည့်ကျစနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး၊ ယခု ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်မှုကာလတွင် မြန်မာနိုင်ငံ သား ၂၉ ဦးနှင့် နိုင်ငံခြားသား ၃ ဦးတို့ အလှည့်ကျ တာဝန်ထမ်းဆောင် လျက်ရှိပါကြောင်း ရှင်းလင်း တင်ပြခဲ့ရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည် များကို ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက CSR လုပ်ငန်းဆောင်ရွက်မှုများအား သက်ဆိုင်ရာ ဒေသရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ မကြာမီခေါ်ယူကျင်းပမည့် တတိယ အကြိမ်လွှတ်တော်၏ စွမ်းအင်ဆိုင်ရာကော်မတီဝင်များနှင့် ဒေသနေ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနားလည်စေရေး awareness program များ ပိုမိုဆောင်ရွက် ပေးစေလိုပါကြောင်း၊ စီမံကိန်းလည်ပတ်နေမှုနှင့် ဝင်ငွေရရှိမှုတို့သည် နှစ်နိုင်ငံအတွက် အရေးပါသောကြောင့် new normal ကာလအတွက် skill labour နှင့် technician များ ကြိုတင်စုစည်းလေ့ကျင့်ထားရန်နှင့် ဝန်ထမ်းများ ကိုဗစ် ကာကွယ် ဆေးထိုးနှံရေး ကြိုတင်စဉ်းစား ထားရန် လိုအပ်ပါကြောင်း၊ ပိုက်လိုင်းနှစ်ခုလုံး၏ စွမ်းရည်ပြည့် ပို့လွှတ်နိုင်ရေးနှင့် စီးပွားရေးတွက်ခြေကိုက်မှုရှိစေရေး အတွက် ကြိုးပမ်းဆောင်ရွက် စေလိုပါ ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုအတွေ့အကြုံများအား မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း ဝန်ထမ်းများသို့ မျှဝေပေးရေးအစီအစဉ်များ ပြုလုပ် ပေးစေလိုပါကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အရှေ့တောင်အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကွပ်ကဲရေးရုံးဝင်းအတွင်းရှိ စီမံကိန်းဆိုင်ရာပြခန်းအား လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)