နေပြည်တော် ဇန်နဝါရီ ၃
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF) တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်း စင်းလုံးငှားကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၁ဝ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယား သမ္မတနိုင်ငံမှ ၄၈ ဦး၊ အီဂျစ်မှ ၂၂ ဦး၊ ဘရာဇီးမှ တစ်ဦး၊ နယ်သာလန်မှ တစ်ဦး၊ မလေးရှားမှ သုံးဦး၊ ဂျပန်မှ ၂၁ ဦး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ ခြောက်ဦး၊ ဩစတြေးလျမှ တစ်ဦး၊ စင်ကာပူမှ ခုနစ်ဦး၊ အင်ဒိုနီးရှားမှ ငါးဦး၊ ပနားမားမှ လေးဦး၊ ပြင်သစ်မှ သုံးဦး၊ ဖိလစ်ပိုင်မှ တစ်ဦး၊ မက္ကဆီကိုမှ တစ်ဦး၊ စပိန်မှ သုံးဦးနှင့် အမေရိကန် ပြည်ထောင်စုမှ တစ်ဦး မြန်မာသင်္ဘောသား စုစုပေါင်း ၁၂၈ ဦး လိုက်ပါခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ် ပေးသည့် နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင် စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေ ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများ ရှိ မြန်မာသံရုံးများ၊ သင်္ဘောကုမ္ပဏီများ/ အဖွဲ့အစည်း များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်