ရန်ကုန် ဒီဇင်ဘာ ၃၁
ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၏ မှတ်တမ်း များအရ နိုင်ငံတကာ နှစ်သစ်ကူးနေ့တွင် မြန်မာနိုင်ငံ၌ ကလေးငယ်ပေါင်း ၂၆၈၈ ဦးခန့် မွေးဖွားလာမည်ဟု ခန့်မှန်းထားကြောင်း UNICEF မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတကာ နှစ်သစ်ကူးနေ့တွင် မြန်မာနိုင်ငံ၌ မွေးဖွား လာမည့် ကလေးငယ်ဦးရေသည် တစ်ကမ္ဘာလုံး အတိုင်း အတာအရ နှစ်သစ်ကူးနေ့တွင် မွေးဖွားလာမည်ဟု ခန့်မှန်း ထားသည့် ကလေးငယ်ဦးရေ ၃၇၁၅၀၄ ဦးအနက်မှ ၀ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပြီး ၎င်းတို့၏ ပျမ်းမျှမျှော်မှန်း သက်တမ်းမှာ ၇၅ ဒသမ ၇ နှစ်ခန့်ရှိမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အတူ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၂၀၂၁ ခုနှစ် ၏ နှစ်သစ်ကူးနေ့တွင် ပထမဆုံးမွေးဖွားလာမည့် ကလေး ငယ်မှာ ပစိဖိတ်ဒေသတွင်းရှိ ဖီဂျီနိုင်ငံမှဖြစ်ပြီး ၂၀၂၀ ပြည့် နှစ် တစ်နှစ်တာ၏ နောက်ဆုံးရက်တွင် မွေးဖွားလာမည့် ကလေးငယ်မှာ အမေရိကန်ပြည်ထောင်စုမှဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘာတစ်ဝန်းလုံးရှိ မွေးဖွားမှုများ၏ ထက်ဝက်ကျော် မှာ နိုင်ငံ ၁၀ နိုင်ငံမှ ဖြစ်မည်ဟု ခန့်မှန်းထားပြီး ယင်းနိုင်ငံ များအနက် အိန္ဒိယ မှ ၅၉၉၉၅ ဦး၊ တရုတ် မှ ၃၅၆၁၅ ဦး၊ နိုင်ဂျီးရီးယားမှ ၂၁၄၉၃ ဦး၊ ပါကစ္စတန်မှ ၁၄၁၆၁ ဦး၊ အင်ဒိုနီးရှားမှ ၁၂၃၃၆ ဦး၊ အီသီယိုးပီးယားမှ ၁၂၀၀၆ ဦး၊ အမေရိကန်ပြည်ထောင်စုမှ ၁၀၃၁၂ ဦး၊ အီဂျစ်မှ ၉၄၅၅ ဦး၊ ဘင်္ဂလားဒေ့ရှ်မှ ၉၂၃၆ ဦးနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံမှ ၈၆၄၀ ဦးဖြစ်ကြောင်း သိရသည်။
“ဒီနှစ်က ကျွန်မတို့အားလုံးအတွက် ခက်ခဲတဲ့ နှစ် တစ်နှစ်ပါ။ အသစ်ပြန်စတင်ဖို့အတွက် ကမ္ဘာကြီးထဲရောက်ရှိ လာမယ့် ကလေးငယ်တွေကို ကြိုဆိုတာထက်ပိုကောင်းတဲ့ နည်းလမ်းမရှိနိုင်ပါဘူး။ ၂၀၂၁ ခုနှစ်ရဲ့ အခွင့်အလမ်းတွေက ကျွန်မတို့ရှေ့မှာ ရှိနေပါပြီ။ အခက်အခဲတွေကို ထားခဲ့ပြီး အခုအချိန်က ပိုကောင်းတဲ့ကမ္ဘာကြီးကို တည်ဆောက်ဖို့ အချိန်ကျပါပြီ။ ဒီနေ့မှာ မွေးဖွားလာတဲ့ ကလေးငယ်တွေ က ဒီနေ့မှာ သူတို့အတွက် ကျွန်မတို့ စတင်တည်ဆောက် ကာကွယ်ပေးမယ့် ကမ္ဘာကြီးကို အမွေဆက်ခံကြရမှာပါ” ဟု UNICEF မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. June Kunugi က ပြောသည်။
၂၀၂၁ ခုနှစ်သည် UNICEF ၏ ၇၅ နှစ်မြောက် နှစ်ပတ် လည်နှစ်ဖြစ်ပြီး ကလေးငယ်များအတွက် ပိုမိုကောင်းမွန် သော ကမ္ဘာကြီးတစ်ခုကို ပြန်လည်ပုံဖော်ပေးရန်အတွက် ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် UNICEF နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများသည် ကလေးများအား ပဋိပက္ခများ၊ အနာရောဂါများနှင့် ဖယ်ထုတ်ခံထားရမှုများမှ ကာကွယ်ပေးခဲ့သည့်အပြင် ကလေးငယ်များ၏ ရှင်သန် ရပ်တည်ခွင့်၊ ကျန်းမာရေးနှင့် ပညာရေး အခွင့်အလမ်းများရရှိစေရန် ရာစုနှစ်တစ်ခု၏ လေးပုံသုံးပုံခန့် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မှုများအပေါ် ဝမ်းမြောက်ဂုဏ်ယူသည့်အနေဖြင့် ယခုနှစ်ပတ်လည်နှစ် အား အခမ်းအနားပွဲများ၊ ကြေညာချက်များဖြင့် အမှတ်တရ ဂုဏ်ပြုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ကြီး