လူရွှင်တော် တိမ်ညွန့်
အနုပညာချစ်တဲ့ ပရိသတ်တွေနဲ့ တိုင်းသူပြည်သားအားလုံး နှစ်သစ်ကူး အခါသမယကနေစတင်ပြီး စိတ်ချမ်းသာမှုအပေါင်းနဲ့ ပြည့်စုံပါစေလို့ မေတ္တာ လည်းပို့ပါတယ်။ ဆန္ဒလည်းပြုပါတယ်။ နှစ်သစ်မှာ စီးပွားရေးနဲ့ လူမှုရေးတွေ ကောင်းမွန်ပြီး ကပ်ရောဂါဘေးမှလည်း ကင်းဝေးသော သူတွေဖြစ်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

လူရွှင်တော် ပန်းသီး (သီးလေးသီး)
နှစ်သစ်ကူး အခါသမယကနေစတင်ပြီး ကိုဗစ်-၁၉ ရောဂါကြီးကင်းစင် ပြီး နိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင် ကြပါစေ။ အားလုံးသော မိသားစုများ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ။ အစိုးရရဲ့ ဒုတိယသက်တမ်းကာလမှာ ပြည်သူအားလုံး မျှော်လင့်နေကြတဲ့ ငြိမ်းချမ်းရေးကြီး အမြန်ဆုံးရရှိပါစေ။ ကိုဗစ်-၁၉ ကပ်ရောဂါကြီးကိုလည်း အစိုးရနဲ့ပြည်သူလူထု ပူးပေါင်းလက်တွဲအားနဲ့ ပိုပြီးအောင်မြင်စွာ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်း လိုက်ပါတယ်။

လူရွှင်တော် ဥသြ
တစ်ကမ္ဘာလုံးမှာ ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ရောဂါကြီး အမြန်ဆုံး ကင်းဝေးပါစေ။ နှစ်သစ်ကူးအချိန်ကာလကနေစတင်ပြီး နိုင်ငံသူနိုင်ငံသား အားလုံး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစစအရာရာကောင်းမွန်ပြီး ရောဂါကပ်ဆိုးကြီးမှ ကင်းဝေးပါစေ။ ၂၀၂၁ ခုနှစ်မှာ ပြည်သူ ပြည်သားအားလုံး အောင်မြင်မှုတွေရရှိပြီး တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်နိုင်ကြသူ တွေဖြစ် ပါစေ။

သရုပ်ဆောင် ဆင်မ
၂၀၂၁ ခုနှစ်မှာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ ကိုဗစ်-၁၉ ရောဂါကနေ ကင်းဝေးပါစေ။ ပြည်သူသာလျှင်အဓိက ဆိုတဲ့အတိုင်း ကပ်ရောဂါကြီးကို မိမိကစတင်ပြီး ကာကွယ်ကြပါ။ ကျွန်တော်တို့နိုင်ငံအတွက် တိုးတက်လာမယ့် လမ်းစတွေ၊ ရောင်ခြည်တွေပေါ်နေပါပြီ။ ကျွန်တော်တို့ တိုင်းပြည်နဲ့ လူမျိုး၊ နောင်လာမယ့် မျိုးဆက်သစ်တွေ ကောင်းစားဖို့အတွက် တစ်ဦးချင်းစီတိုင်းမှာ တာဝန်ရှိပါ တယ်။ ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါ။ နှစ်သစ်ကူးအချိန်ကာလက နေစတင်ပြီး ပြည်သူအားလုံး စိတ်သစ်၊ လူသစ်နဲ့ စီးပွားရေး၊ လူမှုရေးတွေ အဆင်ပြေကောင်းမွန်ကြပါစေ။ အားတင်းထားကြပါလို့ ပြောပါရစေ။
တွေ့ဆုံမေးမြန်း ဇော်ကြီး