ရှေးဟောင်းကျောက်စာများအား (Reflectance Transformation Imaging - RTI) စနစ်ဖြင့် ဓာတ်ပုံမှတ်တမ်းတင်ရိုက်ကူးခြင်းလုပ်ငန်းဆောင်ရွက်
ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံသည် သမိုင်းရာဇဝင်များအရ ခရစ်သက္ကရာဇ် ၁၀၈ ခုနှစ်မှစ၍ ပုဂံမြို့ပြတည်ထောင်ပြီး မင်း(၅၅)ဆက်တိုင် အုပ်စိုးခဲ့သောမြို့ပြနိုင်ငံ ဖြစ်ခဲ့သည်။ မြို့ပြနိုင်ငံဖြစ်ခဲ့ကြောင်း ယနေ့ထိတွေ့မြင်နိုင်သည့် ဘုရားစေတီပုထိုးများ၊ ဘာသာရေး ဆိုင်ရာသာသနိက အဆောက်အအုံများက သက်သေတည်လျက်ရှိသည်။ အဆိုပါ ဘုရား၊ စေတီ၊ ပုထိုးများနှင့်အတူ ကျောက်စာ၊မင်စာ၊အုတ်ခွက်စာ၊ အုတ်ခဲစာ၊ ခေါင်းလောင်းစာ စသည့် စာပေအထောက်အထားများပါ လေ့လာနိုင်သည်။ ၎င်းစာပေအထောက်အထား များသည် ယင်းတို့နှင့်ခေတ်ပြိုင် လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စာပေနှင့်ဓလေ့ထုံးစံများကို ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊စေတီ၊ပုထိုးများ နှင့်ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင်လေ့လာနိုင်ကြောင်းသိရသည်။