ပခုက္ကူမြို့နယ်၌ လျှပ်စစ်မီးအောင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပခုက္ကူ  ဇန်နဝါရီ  ၁၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေနှင့် ကျေးရွာပြည်သူ လူထု စုပေါင်းပါဝင်မှုဖြင့် လျှပ်စစ်မီးအောင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်၉ နာရီက ပခုက္ကူမြို့နယ်၊ ချိုင်အုပ်စု၊ ချောင်းခွကျေးရွာ၌ ကျင်းပသည်။

ကျောင်းကုန်းမြို့နယ်တွင် 66/11 KV, 10MVA ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးသွားပါက ကျေးရွာ(၁၃) အုပ်စု လျှပ်စစ်မီး ရရှိတော့မည်

ကျောင်းကုန်း  ဇန်နဝါရီ ၁၂

ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်အုပ်စု၊ လှည်းဆိပ်ကျေးရွာတွင် အာရှဖွံ့ဖြိုးရေးဘဏ် ADB ချေးငွေဖြင့် ဆောင်ရွက်ရန် အဆိုပြုထားသော လျှပ်စစ်ဓာတ်အားသုံး စနစ်သို့ အရှိန်အဟုန်မြှင့် ပြောင်းလဲခြင်း ဥပဒေစီမံကိန်း Accelerated Rule Electrification Project အတွက် အာရှဖွံ့ဖြိုးရေးဘဏ် အထူးတာဝန်ထမ်းဆောင်သောအဖွဲ့ ADB Mission အဖွဲ့မှ Site Visit လာရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီခွဲ အချိန်က ကျင်းပခဲ့ သည်။

မုံရွာမြို့တွင် (၁၁)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးပွဲကျင်းပ စက်ဘီးစီးဝါသနာရှင်(၃၀၀)ဦးကျော်ပါဝင်ဆင်နွှဲ

မုံရွာ   ဇန်နဝါရီ    ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် မုံရွာစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် (၁၁) ကြိမ်မြောက် လူထုစုပေါင်းစီးနင်းပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းရှေ့ဗိုလ်ချုပ်လမ်းမပေါ်တွင် ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်က ကျင်းပရာ စက်ဘီးစီးဝါသနာရှင် အမျိုးသား/သမီး (၃၀၀)ဦးကျော် ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။

 

မိုးနဲမြို့မဈေးတွင် မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့်လက်တွေ့မီးငြှိမ်းသတ်ခြင်းများသရုပ်ပြလေ့ကျင့်

မိုးနဲ   ဇန်နဝါရီ  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် စည်ပင်သာယာရေးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး ဆုံးရှုံးမှု မရှိစေရေးအတွက် မိုးနဲမြို့မဈေး မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြလေ့ကျင့်မှုကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါဈေး အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အမာမြို့၌ ကျောင်းပေါင်းစုံ သဘာဝပတ်ဝန်းကျင် ပညာပေး စကားရည်လုပွဲ၊ ပြပွဲပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပ

အမာ   ဇန်နဝါရီ   ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝပတ်ဝန်းကျင်ဖွံ့ဖြိုးရေးအသင်းနှင့် အမာမြို့နယ် အခြေခံပညာကျောင်းများ ပူးပေါင်းစီစဉ်သည့် သဘာဝပတ်ဝန်းကျင် ပညာပေးအစီအစဉ်အဖြစ် ပန်းချီပြိုင်ပွဲ၊ စကားရည်လုပွဲများအား ယမန်နေ့နံနက်(၈)နာရီအချိန်က ကျင်းပခဲ့ပြီး ဆုများပေးအပ်ခဲ့သည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိ

လဟယ် ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ရွှေပြည်သာအားကစားကွင်းတွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အနေဖြင့် မီနီမာရသွန် (ကျား)၊ ဘော်လီဘော (ကျား)၊ ပိုက်ကျော်ခြင်း (ကျား)၊ လွန်ဆွဲ (ကျား၊ မ)၊ ရိုးရာထင်းခုတ်ပြိုင်ပွဲ၊ ရိုးရာနဘမ်းနှင့် သံလုံးပစ် (ကျား၊ မ) ပြိုင်ပွဲများကို ယနေ့ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သန်လျင်မြို့နယ်တွင် ထမင်းပေါင်းအိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ရန်ကုန် ဇန်နဝါရီ ၁၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ ကံသာဓမ္မရိပ်သာကျောင်းဝန်းအတွင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်က ထမင်းပေါင်းအိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားရာ နေအိမ်သုံးလုံးမီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။

ကျောက်တလုံးကြီးမြို့တွင် ပညာရည်ချွန်ဆုပေးပွဲ၊ ပညာရေးစုံညီပွဲတော်နှင့် ကျောင်းဆောင်သစ်လွဲပြောင်းပေးအပ်ပွဲကျင်းပ

ကျောက်တလုံးကြီး ဇန်နဝါရီ ၁၂

၂၀၁၈-၂၀၁၉ ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၁၉-၂၀၂၀ ပညာရေးစုံညီပွဲတော်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ကျောက်တလုံး)၌ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများကကြိုဆိုပါသည် စုံညီပွဲတော် တေးသီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးသည်။

ထန်တလန်မြို့၌ လူနေအိမ်သုံးလုံးမီးလောင် လူ(၂)ဦးသေဆုံး

ထန်တလန် ဇန်နဝါရီ ၁၂

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ယနေ့ နံနက် ၂ နာရီ အချိန်က အမှတ်(၁)ရပ်ကွက် (ကျောင်းရပ်ကွက်) တင်းနစ်ပတ်ကွင်းလမ်းရှိ လူနေအိမ် သုံးလုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ အမှတ်(၁)ရပ်ကွက် (ကျောင်းရပ်ကွက်) တင်းနစ်ကွင်းပတ်လမ်းနေ ဦးချွန်လျန်၏ နေအိမ်(၂) ထပ်၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ(၂၀×၁၆×၁၀)ပေ၊ မီးကြွင်းမီးကျန်မှ မီးစလောင်ခဲ့ရာ ဦးရွှေပဲန်း၏ နေအိမ် (၁)ထပ်၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ(၂၀×၁၆×၁၀)ပေ နေအိမ်နှင့် ဦးငွန်ဘွဲ၏ နေအိမ်(၁)ထပ် သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း၊ (၂၀×၁၆×၁၀)ပေ တစ်ခြမ်းအား ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၁)ကျောင်းတွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး ၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၁)ကျောင်းတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက "ပြည်မြန်မာ" သီချင်း သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မော်မော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

Subscribe to