အမြို့မြို့အနယ်နယ်သတင်းများ

တောင်ငူတက္ကသိုလ်၌ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ တောင်ငူတက္ကသိုလ် ဥပဒေပညာဌာန၌ “ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားရုံးအဆင့်ဆင့်ဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများ၊ ခေတ်အလိုက် တရားစီရင်ရေးအခြေခံမူများ၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အကောင်အထည်ဖော်မှုများ” အကြောင်း အသိပညာပေးဆွေးနွေးပွဲကျင်းပခဲ့သည်။

ခန္တီးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း‌ကျောင်း၌ သတင်းအမှား/အမှန် ခွဲခြမ်းစိတ်ဖြာနည်း အသိပညာပေးဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း‌ကျောင်းတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က သတင်းအမှား/ အမှန် ခွဲခြမ်းစိတ်ဖြာနည်း အသိပညာပေးဟောပြောပွဲပြုလုပ်ရာ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၇) တက်ရောက်‌နေသည့် သင်တန်းသူ (၂၀) ဦးနှင့် နည်းပြဆရာမများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Abhay Thakur နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားတက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်း၌ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Abhay Thakur နှင့်အဖွဲ့အား လက်ခံတွေ့ဆုံသည်။

ပုသိမ်၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအမျိုးမျိုးနှင့်စပ်လျဉ်းသည့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် သစ်ညိုကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအမျိုးမျိုးနှင့်စပ်လျဉ်းသည့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

မအူပင်မြို့၌ မိုးစပါးစိုက်ပျိုးမည့်တောင်သူများသို့ သွင်းအားစုဓာတ်မြေဩဇာများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၆-၂၀၂၇ မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများသို့ ရွှေငွေတိုးကုမ္ပဏီနှင့်ပူးပေါင်း၍ သွင်းအားစုဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ရွှေငွေတိုးကုမ္ပဏီလီမီတက် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ပင်လဲပြိုပြီး ဓာတ်အားလိုင်းတိုင်များပျက်စီးမှုဖြစ်ပွား

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ပင်လဲပြိုပြီး လျှပ်ဓာတ်အားလိုင်းတိုင် ၁၀ တိုင် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းရှိ နဝရတ်ခန်းမ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကို ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ‌ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက်တွင် အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် သန့်ရှင်းရေးဌာနမှဦးဆောင်၍ အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက (ဋ) ရပ်ကွက်၊ က္ကန္ဒာလမ်းရှိ က္ကန္ဒာဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ Placement Test စာမေးပွဲဖြေဆိုလျက်ရှိသည့် ကျောင်းသား/ ကျောင်းသူများအား ကြည့်ရှုအားပေး

ကချင်ပြည်နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းနေအရွယ်ကလေးများ အသက်အရွယ်အရ သတ်မှတ်ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် အထူး အစီအစဉ်တစ်ရပ်အနေဖြင့် Placement Test ကို မြစ်ကြီးနားမြို့ပေါ် အခြေခံပညာအထက်တန်းကျောင်း များတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် စာစစ်ဌာနဖွင့်လှစ်၍ ဖြေဆိုလျက်ရှိရာ ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ယမန်နေ့နံနက်ပိုင်းက အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇွန် ၁၈ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လေ့လာသူအဖြစ် (၄၃) ဦးတို့ တက်ရောက်ခဲ့ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ