ဟင်္သာတ ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းရှိ နဝရတ်ခန်းမ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကို ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင်၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး(၂) ဦးကျော်ရဲအောင်က လမ်းအသုံးပြုသူများ အတွက် လိုက်နာရမည့် စည်းကမ်းများနှင့် ကုန်းလမ်းပို့ဆောင်ရေးဌာနမှ ထုတ်ပြန်ထားသော ယာဉ်အသုံးပြုသူ၊ လမ်းအသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းများကိုလည်းကောင်း၊ ယာဉ်လိုင်စင် နှင့် ယာဉ်မောင်းလိုင်စင်အမျိုးအစားများ၊ လမ်းညွှန်အမှတ်အသားများ၊ အချက်ပြစနစ်များ အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး (၂)ဦးကျော်ရဲအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၉၆) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)