မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက်တွင် အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေးဟောပြော

မြောက်ဥက္ကလာပ ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် သန့်ရှင်းရေးဌာနမှဦးဆောင်၍ အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက (ဋ) ရပ်ကွက်၊ က္ကန္ဒာလမ်းရှိ က္ကန္ဒာဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းက အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေး ဟောပြောရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် သန့်ရှင်းရေးဌာန မြောက်ဥက္ကလာပမြို့နယ်တာ၀န်ခံ ဦးကျော်မင်းထွန်းက "သန့်ရှင်းသောပတ်ဝန်းကျင်အတွက် အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်ကြပါစို့" ဟု ဆိုသည့်အတိုင်း အမှိုက်ကို သတ်မှတ်ထားသည့်နေရာတွင်သာစွန့်ပစ်ခြင်းဖြင့် ရောဂါဘေးမှကင်းဝေးစေပြီး သာယာလှပတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မှာဖြစ်ပါကြောင်း၊ "အမှိုက်ကို စနစ်တကျစွန့်ပစ်ခြင်းသည် ကျန်းမာရေးအတွက်အရေးကြီးပြီး အမှိုက်များကိုလမ်းဘေးတွင်ပစ်ချခြင်းမပြုဘဲ စည်ပင်သာယာ၏ အမှိုက်ပုံးများတွင်သာ စနစ်တကျစွန့်ပစ်ပေးကြပါရန် လိုအပ်ပါကြောင်း" ကျွန်တော်တို့အားလုံးရဲ့ ပတ်ဝန်းကျင်သန့်ရှင်းဖို့ အမှိုက်ကိုစည်းကမ်းတကျစွန့်ပစ်ကြပါစို့" ဆောင်ပုဒ်နှင့်အညီ အမှိုက်ကိုအိမ်ရှေ့လမ်းမပေါ်တွင်မပစ်ဘဲ သတ်မှတ်နေရာတွင် စွန့်ပစ်ခြင်းသည် ကျွန်တော်တို့အားလုံးအတွက် အကျိုးရှိစေမှာဖြစ်ပါကြောင်း စသည့်တို့ကို ဟောပြောပေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်မင်း၊ မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် သန့်ရှင်းရေးဌာန မြောက်ဥက္ကလာပမြို့နယ်တာ၀န်ခံ ဦးကျော်မင်းထွန်းနှင့် ၀န်ထမ်းများ၊ (ဋ) ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)