အမြို့မြို့အနယ်နယ်သတင်းများ

Sep 22,2024
မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုတွင် ရေဘေးသင့်ခဲ့ရသည့် ပြည်သူလူထုအား ကူညီထောက်ပံ့နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Sep 22,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း စက်တင်ဘာ ၂၀ ရက်၊  ည ၈ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်ခြင်း၊မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့်အတူ သစ်ပင်ကြီးများ လဲကျမှုဖြစ်ကာ လမ်းပိတ်စို့လဲကျနေသည့် သစ်ပင်ကြီးများအား ညောင်ဦးခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ ကူညီရေးအသင်းများက ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 22,2024
 နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးဟန်သူ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း(အိုင်စောက်)သို့ သွားရောက်၍ ရေကြီး ရေလျှံမှုကြောင့် ကျောင်းအတွင်းနှင့် စာသင်ခန်းများတွင် ရေများဝင်ရောက်ခဲ့ပြီး ရေများပြန်လည် ကျဆင်သွားရာ အခြေခံပညာကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရန်အတွက်  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် နုန်းများဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေ မှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းအတွင်း ရေဝင်ရောက်မှု အခြေအနေများ၊ ကျောင်း၏ထိခိုက်ပျက်စီးမှု အခြေအနေများကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းအတွင်းရှိ နုန်းများကို ဖယ်ရှား ရှင်းလင်းခြင်းလုပ်ငန်းများ၊  သင်ကြာရေးလုပ်ငန်းများကို အမြန်ပြန်လည်စတင်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
Sep 22,2024
ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ ကမ်းနားလမ်းနှင့် အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
Sep 22,2024
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယနေ့ နံနက် ၈ နာရီက နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် လယ်ဝေးမြို့နယ်၊ ဟေမန်ကျေးရွာမူလတန်းကျောင်းတွင် မြစ်ရေဝင်ရောက်မှုကြောင့် တင်ကျန်ခဲ့သည့်နုန်းနှင့် အမှိုက်များအား အမှတ်(၂) ရဲတပ်သားသစ် သင်တန်းကျောင်း (ဝက်ထီးကန်)မှ သင်တန်းသား ၅၀ ဦး၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ရေကြီးနစ်မြုပ်ခဲ့သည့် ဟေမန်ကျေးရွာနေအိမ်များရှိ ရေတွင်းနှင့် လက်နှိပ်တွင်းများ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆေးခတ်ခြင်း ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုကာ ရေနစ်မြုပ်ခဲ့သည့် နေအိမ်များရှိ ကျေးရွာပြည်သူများအား လိုက်လံအားပေး၍ ဟေမန်ကျေးရွာမှ ရေဘေးသင့် ပြည်သူများအတွက် ဆန် ၁၀ အိတ်နှင့် ဆီများ လှူဒါန်းသည်။
Sep 22,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်‎နေ့မှ ၁၂ ရက်နေ့အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရေပြန်ကျသွားသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ကြီးကြပ်လမ်းညွှန်မှုဖြင့် ကလောတပ်နယ်မှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာ့တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာနေ ဒေသခံပြည်သူများ ပူးပေါင်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 22,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင် ပြည်သူများက အလှူငွေနှင့် အလှူပစ္စည်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ကျင်းပသည်။
Sep 22,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသား/သူများ ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်သော အသိပညာ ဗဟုသုတများ ရရှိစေရန် ကလေးအလုပ် သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။