လမ်းလျှောက်ခြင်းဖြင့် ကျန်းမာခြင်းကို ဖန်တီးရယူကြပါစို့
“ကျန်းမာခြင်းသည် လာဘ်တစ်ပါး”ဆိုသည်နှင့်အညီ ပျော်ရွှင်ကျန်းမာသောဘဝကို ပိုင်ဆိုင်ရသူသည် ဘုရားပေးသောဆုလာဘ်ကို ရယူထားနိုင်သူနှင့်တူသည်။ စိတ်သွားတိုင်းကိုယ်ပါနိုင်ပြီး လိုရာဆန္ဒများကို ကြိုးစားပုံဖော်နိုင်ရေးအတွက် ကျန်းမာကြံ့ခိုင်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရန်လိုအပ်သည်။ လူ့ဘဝ၌ ကျန်းမာခြင်း၏တန်ဖိုးကို မကျန်းမာသည့်အချိန်တွင် ပိုမိုသိရှိနိုင်မည်ဖြစ်သည်။ ကျန်းမာခြင်း၏ တန်ဖိုးဟုဆိုလျှင် အနီးစပ်ဆုံးအနေဖြင့် ဆေးရုံဆေးခန်းသို့ သွားနေရသည့်အချိန်တွင် ခံစားရသည့်ခံစားချက်၊ ပေးဆပ်ရသည့်အချိန်နှင့် ငွေကြေးကုန်ကျစရိတ်တို့ကို လူတိုင်းအနည်းနှင့်အများဆိုသလို တွေ့ကြုံခံစားဖူးကြမည်ဖြစ်သည်။ ထိုအရာများသည် ကျန်းမာခြင်း၏ တန်ဖိုးကိုမသိ၍ မကျန်းမမာဖြစ်သည့်အချိန်တွင် ပေးဆပ်ရသည့် ဆုံးရှုံးမှုများပင်ဖြစ်သည်။
