အွန်လိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင့် ယနေ့ကမ္ဘာ
ကမ္ဘာ့နေရာအနှံ့ဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါကြောင့် အများပြည်သူတို့အကြား စိတ်ပိုင်းဆိုင်ရာအခြေအနေများအပါအဝင် အခြားသော လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးပြဿနာတို့နှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးနေထိုင်ကြရသည့်ဖြစ်စဉ်များကြောင့် အီလက်ထရွန်နစ်ကုန်သွယ်ရေး (e-commerce) လုပ်ငန်းများ၊ အွန်လိုင်းဈေးဝယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်မှာ အဆိုးထဲမှ အကောင်းဟု မှတ်ယူရမည်ဖြစ်သည်။ အီလက်ထရွန်နစ် ကုန်သွယ်ရေးဆိုသည်မှာ အွန်လိုင်းဝန်ဆောင်မှုများ သို့မဟုတ် အင်တာနက်ပေါ်မှ ကုန်ပစ္စည်းများကို အီလက်ထရွန်နစ်နည်းဖြင့် ဝယ်ခြင်း သို့မဟုတ် ရောင်းချခြင်းဖြစ်သည်။ ကပ်ရောဂါကာလ၏ e-commerce ရောင်းအားလည်း လက်လီရောင်းချမှုအားလုံးတွင် သိသိသာသာမြင့်တက်ခဲ့သည်။ ကိုဗစ်ကာလအကျပ်အတည်းသည် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုကိုလည်း အရှိန်မြှင့်တင်ပေးခဲ့သည်။ စားသုံးသူများ၏ဘဝကို နေ့ချင်းညချင်းပြောင်းလဲသွားစေပြီး လက်လီရောင်းချမှုတွင် အွန်လိုင်းလက်လီဈေးကွက်က ထဲထဲဝင်ဝင် နေရာယူခဲ့သည်။
