လူတိုင်းသက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့
ကျန်းမာခြင်း၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျန်းမာခြင်းဆိုသည်မှာ အနာရောဂါတစ်ခုခု မရှိရုံမျှသာမက ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခတို့နှင့် ပြည့်စုံခြင်းဟူ၍ ဖွင့်ဆိုထားပါသည်။ ခန္ဓာကိုယ်ကျန်းမာရေးနှင့်စပ်လျဉ်း၍ လူ၏ဘဝအစ မိခင်၏ဝမ်းကြာတိုက်တွင် သန္ဓေသားဖြစ်ချိန်မှစတင်၍ သက်ကြီးဘိုးဘွားအရွယ်အထိ မျှော်မှန်းလူ့သက်တမ်းမြင့်မားစွာဖြင့် ကျန်းမာသန်စွမ်းစွာ နေထိုင်နိုင်ရေး၊ စိတ်၏ကျန်းမာရေးနှင့် ပြည့်စုံစေရေးနှင့် လူမှုအသိုင်းအဝိုင်းတွင် မိတ်ဆွေသင်္ဂဟများနှင့် ပျော်ရွှင်စွာ အတူတကွနေထိုင်နိုင်ရေးတို့သည် လူတိုင်းအတွက် လိုအပ်လှသည့် “အာရောဂျံပရမံလာဘံ”ဟူသည့် ကျန်းမာခြင်းသည် အဓိကကျသည့် လာဘ်ကြီးတစ်ပါးဖြစ်ပါသည်။ ယနေ့ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံအလိုက် သက်ဆိုင်ရာနိုင်ငံသားများ၏ ကျန်းမာရေးကို ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပုံစံအမျိုးမျိုးဖြင့် မြှင့်တင်ပေးလျက်ရှိရာတွင် အဓိကမရှိမဖြစ် အခြေခံအုတ်မြစ်မှာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖြစ်ပါသည်။