ပွင့်ဖြူ ဒီဇင်ဘာ ၂၈
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမဆောင် အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမဆောင် အဆောက်အအုံသစ်အား မကွေးတိုင်း ဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ၊ မြို့မမြို့ဖ ဦးနိုင်ချိုနှင့် ဦးဝင်းမြင့် တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ဗိုလ်ဥတ္တမ ခန်းမဆောင်သစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် တိုင်းဒေသကြီးအတွင်း ပြည်သူ့ အကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း က တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထား သည့်ဧည့်သည်တော်များ ၊ မြို့မိမြို့ဖများအနေဖြင့် မိမိတို့မြို့ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်း ဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေး ပြောကြားပြီး ဗိုလ်ဥတ္တမခန်းမဆောင် အဆောက်အဦသစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို တာဝန်ယူဆောက်လုပ်သည့် ကျော်သာဆောက်လုပ်ရေးကုမ္ပဏီမှ Project Manger ဦးကျော်ဆွေ က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ်မဲဇလီကျေးရွာမှ တောင်သူ(၈၈)ဦးအား စိုက်ပျိုးရေးလုပ်ငန်းအဆင်ပြေစွာ လုပ်ကိုင် နိုင်ရေးအတွက် ဆောင်ရွက်ပေးသည့် လယ်ယာမြေပုံစံ(၇)များနှင့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကံလှကျေးရွာ တွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် အိမ်ဝိုင်းမြေများ ပြောင်းရွှေ့သည့်နေရာတွင် ကျေးရွာတွင်းလမ်း ဖောက်လုပ်ရန် အတွက် ထောက်ပံ့ငွေကျပ် ၆၇၀၀၀၀၀ တို့ကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က တာဝန်ရှိသူ များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၁)ဘာသာဂုဏ်ထူးနှင့် ရိုးရိုးအောင်မြင်သူ ဝန်ထမ်း သားသမီး(၂)ဦး အား ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ ပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က ဗိုလ်ဥတ္တမခန်းမဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအပေါ် ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့သည်။
ယခု ဆောက်လုပ်ပြီးစီးသည့် ဗိုလ်ဥတ္တမခန်းမဆောင်သစ်မှာ အလျား ၁၀၀ ပေ ၊ အနံ ၄၀ ပေ ၊ အာရ်စီတစ်ထပ် အမျိုးအစားဖြစ်ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၀၄ ဒသမ ၅၂၈ သန်း ဖြင့် ကျော်သာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ၍ ၂၀၂၀ ပြည့်နှစ် ဩဂုတ် လဆန်းပိုင်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုလဆန်းပိုင်းတွင် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)