ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက် နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က ဒီဇင်ဘာ ၂၄ ရက်တွင် ဆက်သွယ် မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -
ပါမောက္ခ ဒေါက်တာဇော်ဝေစိုး
[ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)]
ဒီနေ့ ၂၄ - ၁၂ - ၂၀၂၀ ရက်မှာ ရန်ကုန်အနေနဲ့ Positive လူနာအသစ် ၃၆၉ ဦးရှိပါတယ်။ အခု ၄ ရက် / ၅ ရက် အတွင်းမှာ ၄၀၀ အောက်ကို ရောက်လာတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ကိုဗစ်စင်တာနှစ်ခုကို ကျွန်တော် အရင်ကပြောခဲ့သလို Stand by အနေအထားနဲ့ စတင် ပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ရန်ကင်းပညာရေး ကောလိပ်နဲ့ ယဉ်ကျေးမှုတက္ကသိုလ် ကိုဗစ်စင်တာတွေကို ယနေ့စတင်ပြီး ရပ်နားထားပါတယ်။
ကျွန်တော်တို့ရဲ့ ကိုဗစ်တိုက်ပွဲက ဆက်လက်ပြီး တိုက်ရဦးမှာ ဖြစ်ပါတယ်။ တကယ်က လျော့လာတာပဲ ဖြစ်ပါ တယ်။ ဒါကို နိုင်တာမဟုတ်သေးပါဘူး။ ပွဲသိမ်းဖို့ အတွက် ဆက်လက်ပြီး ရှင်းလင်းရေးတွေ ဆောင်ရွက်ဖို့ လိုပါတယ်။ Positive ဖြစ်တဲ့သူ တစ်ယောက်မှမကျန် အောင် “သုည” Zero ဖြစ်တဲ့အထိ ဘယ်တော့မှ ခေါင်းထောင်မလာနိုင်အောင် ကာကွယ်ထိန်းသိမ်း စောင့်ကြပ်ကြည့်ရှုပြီး စဉ်ဆက်မပြတ် အရည်အသွေး မြှင့်တင် ရေးတွေ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
အစွမ်းကုန် တိုက်ခိုက်ခဲ့ကြ
ကျွန်တော်တို့ မီးကုန်ယမ်းကုန်၊ အားကုန်သုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပါတယ်။ အစွမ်းကုန် အဆုံးစွန် အထိ Containment တွေ လုပ်ခဲ့ပါတယ်။ ပြည်သူ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အင်အားတွေ၊ Medical Service က ကုသရေးအင်အားတွေ၊ ပြည်သူလူထုရဲ့ ကူညီမှုတွေ၊ ပရဟိတဗော်လံတီယာတွေ၊ နိုင်ငံတော် အစိုးရ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အလှူရှင်တွေ၊ ငွေကြေးအင်အား၊ လူအင်အား၊ ပစ္စည်းအင်အား၊ စိတ်ဓာတ် အင်အားတွေနဲ့ စုပေါင်းပါဝင်ပြီး အစွမ်းကုန် တိုက်ခိုက်ခဲ့ကြတယ်၊ Containment လုပ်ခဲ့ကြပါတယ်။ ဒါကြောင့် သုံးလအတွင်းမှာ ကျွန်တော်တို့ ယခုအခြေအနေ မျိုးကို ရရှိလာတာဖြစ်ပါတယ်။
ဒါကိုဆက်လက်ပြီး အဆုံးစွန်အထိ တိုက်ပွဲဝင်သွားကြ ရမှာ ဖြစ်ပါတယ်။ လုံးဝလျှော့လို့ မဖြစ်ပါဘူး၊ လုံးဝပေါ့လို့ မဖြစ် ပါဘူး။ ကျွန်တော်တို့တွေ ဆက်လက်ပြီး စွန့်လွှတ်ခြင်း တွေ၊ မိသားစုနဲ့ခွဲပြီး အိမ်မပြန်ဘဲ မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လနဲ့ ဆက်လက်ပြီး ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။ ဆက်လက် ပြီး ကျွန်တော်တို့ Containment လုပ်သွား ရမှာ ဖြစ်ပါတယ်။
နေထိုင်မှုဓလေ့အသစ်
ကျွန်တော် အရင်တုန်းကပြောတဲ့ Home Isolation ကို ယခုအချိန်၊ ယခုအခြေအနေနဲ့ဆိုရင် လုပ်ဖို့မလိုပါဘူး။ ကျွန်တော်တို့ နိုင်နိုင်နင်းနင်းရှိပါတယ်။ ဒါကြောင့် Conta-inment ကို ဆက်သွားကြရမှာ ဖြစ်ပါတယ်။ New Normal Living၊ New Normal Life နေထိုင်မှုဓလေ့အသစ်နဲ့ ပုံမှန် ဘဝမှာနေထိုင်ရင်း တိုးတက်ကြီးပွားရေးအတွက် ဆတက်ထမ်းပိုး အစွမ်းကုန်ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ရောဂါပိုးရှိတဲ့သူ၊ ရောဂါပိုးရှိနိုင်သူ၊ ရောဂါပိုးသယ်ဆောင် လာနိုင်သူတွေကို ရှာဖွေခြင်း၊ ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်း၊ ကုသခြင်း၊ ဖေးမကူညီစောင့်ရှောက်ခြင်းတွေကို မလျှော့ဘဲ၊ မပေါ့ဘဲ ဆက်လက်ပြီး အသိ၊ သတိနဲ့ ထာဝရစက္ကန့်မလပ်၊ နာရီမလပ် ကျွန်တော်တို့ အားစိုက်ဆောင်ရွက်ကြရဦးမှာ ဖြစ်ပါတယ်။
ဒီရက်ပိုင်း ခရစ္စမတ်နဲ့ New Year ကို ယခင်တုန်းကလို ဆင်နွှဲလို့ မဖြစ်ပါဘူး။ New Normal Christmas နဲ့ New Normal New Year ပဲ ကျွန်တော်တို့ ဖြတ်သန်းရမှာဖြစ်ပါ တယ်။ ကိုဗစ် - ၁၉ ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဖြတ်သန်း ကြရမှာ ဖြစ်ပါတယ်။ ပိုမိုပြီး ထိန်းသိမ်းခြင်း၊ လိုက်နာခြင်း၊ အချင်းချင်းအသိပေးခြင်း၊ သတိပေးခြင်း တွေနဲ့ ကျော်ဖြတ် ရမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြားခဲ့သလို စည်းကမ်းလိုက်နာခြင်း၊ အစွမ်းကုန် ထိန်းသိမ်းခြင်း၊ သည်းခံ ခြင်း၊ Stay at Home နေထိုင်ခြင်း၊ လုံးဝကူးစက်မှုမရှိအောင် နေထိုင်ခြင်းတွေနဲ့ တိုင်းပြည် အကျိုး သယ်ပိုးကြရမှာ ဖြစ်ပါတယ်။ တိုင်းပြည်အတွက် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်အောင် စောင့်ထိန်း လိုက်နာကြရမှာ ဖြစ်ပါတယ်။
Mask တပ်မယ်၊ Face Shield တပ်မယ်၊ လက်ဆေးမယ်၊ ခပ်ခွာခွာနေမယ်၊ စကားပြောရင် ဝေးဝေးကနေ ပြောမယ်၊ မျက်နှာချင်းဆိုင် နေထိုင်စားသောက်ခြင်းကို ရှောင်မယ်၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်မယ် ဆိုတာတွေနဲ့ နိုင်ငံသား တစ်ယောက်ရဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြဖို့ လိုအပ်ပါတယ်။
New Year နဲ့ ဒီပိတ်ရက်တွေမှာ ဘာလုပ်ကြမလဲ New Year၊ New Normal၊ New Living အတွက် ဒီပိတ် ရက်တွေမှာ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။ Mask တွေ စုဆောင်းထားရပါမယ်။ Mask တွေ ချုပ်ထားရပါမယ်။ နောင်နှစ်အတွက် Mask တွေ ကြိုတင်ပြင်ဆင် စုဆောင်း ထားဖို့ လိုအပ်ပါတယ်။
စီစဉ်ဆောင်ရွက်လျက်ရှိ
ယခုဆိုရင် ရန်ကုန်တိုင်းဒေသကြီးမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးက Mask လေးသန်းကျော်ကို ဖြန့်ဝေဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ Face Shield တွေလည်း စုဆောင်းထားဖို့ လိုအပ်ပါတယ်။ မိမိမှာလိုအပ်တဲ့ Face Shield တွေ ပြည့်စုံအောင် စုဆောင်း ထားဖို့၊ ပြင်ဆင်ထားဖို့လိုပါတယ်။ မိမိရဲ့ အိမ်၊ ရုံးနဲ့ ပတ်ဝန်း ကျင်မှာ လက်ဆေးဖို့ နေရာတွေကို ပိုမိုပြီး စနစ်တကျ စီစဉ် ထားရှိရမှာ ဖြစ်ပါတယ်။ ဒီရက်ပိုင်း အတွင်းမှာ ကြိုတင် ပြင်ဆင် စီစဉ်ထားလို့ရပါတယ်။ လေဝင်လေထွက်ကောင်း တဲ့၊ လေကောင်း လေသန့် ရရှိတဲ့ အခန်းတွေ၊ နေရာတွေ၊ နေရာထိုင်ခင်းတွေဖြစ်အောင် ဒီရက်ပိုင်းမှာ ပြင်ဆင်ကြဖို့ လိုအပ်ပါ တယ်။
ကိုဗစ် - ၁၉ သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ မိမိရဲ့ အခန်း၊ အိမ်၊ ရုံး၊ ကျောင်း၊ စက်ရုံ၊ အလုပ်ရုံနဲ့ ပတ်ဝန်းကျင် တွေကို ဒီပိတ်ရက်တွေနဲ့ ရက်ပိုင်းတွေမှာ အစီအစဉ်တကျ ပြုပြင်ပြောင်းလဲကြဖို့ လိုအပ်ပါတယ်။ ပြုပြင် ပြောင်းလဲ နိုင်အောင် တစ်ဦးကိုတစ်ဦး ကူညီရပါမယ်၊ ဖေးမရပါမယ်၊ စောင့်ရှောက်ရပါမယ်၊ အသိပေးရပါမယ်၊ သတိပေးရပါ မယ်၊ ကြပ်မတ်ရပါမယ်။ နောင်ရေရှည်အတွက်၊ တစ်နိုင်ငံ လုံးအတွက် လိုအပ်ရင် ဥပဒေပြုဖို့တောင် လိုအပ်မယ်လို့ ကျွန်တော့်အနေနဲ့ ထင်ပါတယ်။
ဒီနေ့မနက် ကျွန်တော် အိမ်ကနေရုံးကို လာတဲ့အချိန် မှာ လူတွေကို ကြည့်ပြီး ၁၀၀ ပြည့်အောင် ရေတွက်လာပါတယ်။ ဒီလူ ၁၀၀ ထဲမှာ ၉၇ ဦးက Mask တပ်ထားတာကို တွေ့ရပါတယ်။ တစ်ယောက်က Mask လုံးဝမတပ်ပါဘူး။ နှစ်ယောက်က Mask ကို မေးမှာ ချိတ်ထားပါတယ်။
ကျေကျေနပ်နပ်လက်ခံ
ကျွန်တော်ကိုယ်တိုင် Mask လက်ဆောင်ပေးလိုက် ပါတယ်။ Mask မေးချိတ်ထားတာကိုပြင်ဖို့ ကျွန်တော် ပြောလိုက်ပါတယ်။ သူတို့ သုံးယောက်ကလည်း ကျေကျေ နပ်နပ်လက်ခံပြီး ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။ အဓိပ္ပာယ်က ကျွန်တော်တို့ ရန်ကုန်ပြည်သူလူထု အနေနဲ့ Mask ကို ၉၇ ရာခိုင်နှုန်းတပ်ပါတယ်။ ကျန်တဲ့ သုံးရာခိုင်နှုန်းကလည်း Mask တပ်ဖို့အတွက် ကျေကျေ နပ်နပ်လက်ခံတယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒါက ကောင်းတဲ့အချက်နဲ့ ကောင်းတဲ့လက္ခဏာတွေပါ။
ဒါကြောင့် ပြည်သူလူထုကို အခုလိုမျိုး လိုက်နာထိန်းသိမ်းစောင့်ရှောက်ပေးတဲ့အတွက် အထူးကျေးဇူး တင်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်သူတွေရဲ့ ကိုယ်စား၊ ပညာသင်မယ့် ကျောင်းသား ကျောင်းသူတွေရဲ့ ကိုယ်စား၊ အဘိုးအဘွားတွေရဲ့ ကိုယ်စား၊ ပြည်သူလူထု တစ်ရပ်လုံးရဲ့ကိုယ်စား အခုလို စည်းကမ်းလိုက်နာပေး တဲ့၊ Mask တပ်ပေးတဲ့ ပြည်သူလူထုတစ်ရပ်လုံးကို အထူး ကျေးဇူးတင်ကြောင်း ကျွန်တော့်အနေနဲ့ ဒီနေရာက ပြောကြား လိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ထက်လျှံ