Skip to main content

ကိုဗစ် - ၁၉ ကျန်းမာရေးနှင့်အညီ ကန့်သတ်ဦးရေဖြင့် ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောခရီးစဉ်ပြေးဆွဲ

 

ရန်ကုန် ဒီဇင်ဘာ ၂၅

မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျရာ ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကို ရင်ဆိုင်ရာ၌ မြို့ပြစီးပွားရေး ပြန်လည်ဦးမော့ရန် ခြေလှမ်းတစ်ရပ် ဖြစ်သော ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးသွားဝန်ဆောင်မှုကို ဒီဇင်ဘာ ၂၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းနှင့်အညီ ကန့်သတ်ဦးရေဖြင့် အပန်းဖြေခရီးစဉ်ကို ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ယနေ့ ခရီးစဉ်ပြေးဆွဲရာ၌ နံနက် ၈ နာရီမှ ၁၀ နာရီအထိ တစ်ကြိမ်၊ ညနေ ၄ နာရီမှ ၇ နာရီအထိ တစ်ကြိမ် တစ်ရက် နှစ်ကြိမ်ဖြင့် တစ်ကြိမ်လျှင် ခရီးသည် ၃၀ တင်ဆောင်ကာ ပြေးဆွဲခြင်းဖြစ်သည်။

 “အခုလို ခရီးသွားရာသီမှာ ကိုဗစ်-၁၉ ရောဂါကိုလည်း သတိပြုပြီးသွားလာ ရမှာပါ။ စည်းကမ်းရှိရှိ တာဝန်သိသိနဲ့ မိမိကြောင့် ရောဂါကူးစက်မှုမဖြစ်ရဘူး ဆိုတဲ့ အသိစိတ်နဲ့ မိမိကိုယ်တိုင်လည်းကာကွယ်ရင်း ခရီးသွားရမှာပါ။ အဲဒီလို သွားမယ်ဆိုရင် ထိန်းချုပ်မှုရှိပြီး ပြည်တွင်းခရီးသွား ပြန်လည်ဦးမော့လာမှာပါ။ မိမိနေချင်သလိုနေပြီး ရောဂါကူးစက်မှုဖြစ်ခဲ့ရင် ခရီးသွားလုပ်ငန်း ပြန်လည် ရပ်တန့်သွားနိုင်ပါတယ်။ အားလုံးရဲ့ အကျိုးစီးပွားလည်း ထိခိုက်နိုင်တယ်။ စည်းကမ်းလိုက်နာပြီး ခရီးသွားလာမှုကို ဖော်ဆောင်လိုတဲ့အတွက် အခုလို စီစဉ်တာပါ။ မကြာခင်ကာလမှာ ကုန်းလမ်းခရီးစဉ်တွေကိုလည်း စနစ်တကျ ဆောင်ရွက်သွားဖို့ရှိပါတယ် ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်း က ပြောသည်။

ကိုဗစ်ရောဂါကြောင့် နေအိမ်အတွင်းမှာ နေထိုင်နေရတဲ့ ရန်ကုန်မြို့ခံ ပြည်သူတွေ အခုလိုကန့်သတ်ဦးရေနဲ့ လေကောင်းလေသန့်ကိုရှူပြီး မြစ်ပြင် အလှကို ကြည့်ရှုခံစားနိုင်တဲ့အတွက် ကိုးလတာမွန်းကျပ်မှုတွေ ပြေပျောက် သွားမှုအပေါ် ဝမ်းသာမိပါတယ်။ အပျော်စီးခရီးစဉ်တွေ ရပ်နားထားတာ ရောဂါစဖြစ်ကတည်းကဆိုတော့ အခုလိုအများပြည်သူ ပျော်ရွှင်ကြည်နူးတာကို တွေ့မြင်ရတာ ကျွန်တော်တို့လည်း ပီတိဖြစ်မိပါတယ် “ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရန်ကုန်) ၊ ALEXANDEA CRUISE နှစ်ထပ်သင်္ဘောမှ ကပ္ပတိန် ဦးဇော်မင်းနိုင် က ပြောသည်။

လက်ရှိတွင် ရောဂါအခြေအနေကြောင့် ရန်ကုန်မြစ်အတွင်းအပန်းဖြေ ခရီးစဉ်များကို ရပ်နားထားရာ မြို့ပြနေပြည်သူများမွန်းကျပ်မှုကို ဖြေလျှော့နိုင် စေရန်နှင့် ကိုဗစ်နှင့်ယှဉ်၍ ခရီးသွားလုပ်ငန်းများတွင် ပြည်သူတို့အနေဖြင့် တစ်ကိုယ်ရေရောဂါ ကာကွယ်ထိန်းချုပ်ရေးကို လိုက်နာခြင်းဖြင့် ခရီးသွား လုပ်ငန်းများ ပြန်လည်အသက်ဝင်ရန် စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်သည်။ မြစ်တွင်းအပန်းဖြေခရီးစဉ်အပြင် တွံတေးမြို့အထိ မြစ်ပြင်အလှကို ကြည့်ရှုနိုင် မည့် ခရီးစဉ်ကိုလည်း နှစ်သစ်ကူးအမီ စီမံဆောင်ရွက်လျက်ရှိပြီး ရောဂါကာကွယ် ထိန်းချုပ်ရေးကို ခရီးသွားများ လိုက်နာမှုရှိပါက ကုန်းလမ်းအပန်းဖြေခရီးစဉ် များကိုလည်း တိုးချဲ့ဆောင်ရွက်ရန်ပြင်ဆင်လျက်ရှိကြောင်း၊ ရန်ကုန်မြို့၏ ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ရန် အသင်းအဖွဲ့များ ဝိုင်းဝန်းလက်တွဲမှု နှင့်အတူ ခရီးသွားပြည်သူများအနေဖြင့် ကျန်းမာရေးသတ်မှတ်စည်းကမ်း များကို လိုက်နာမှသာ ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန်မည် ဖြစ်ရာ ထိုလမ်းကြောင်းပေါ်သို့ ရောက်ရှိရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များ အသင်းက ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အိမ်ထဲမှာနေတာကြာတော့ အခုလို လေကောင်းလေသန့်ရှူရတာ စိတ်ပေါ့ပါးမှုကို ခံစားရတယ်။ ကိုဗစ်ရောဂါ မကျသေးဘူးဆိုတော့ သတိတော့ ထားရတယ်။ တစ်ဦးနဲ့တစ်ဦး လေးစားတဲ့အနေနဲ့ နှာခေါင်းစည်းတွေတပ်ဖို့ လိုမယ်။ မိမိကိုယ်ကိုယ် သံသယရှိရင် အပြင်မထွက်ဘဲ ကာကွယ်မှုလုပ်မယ်ဆိုရင် ပတ်ဝန်းကျင်အတွက်လည်း ကောင်းသွားတာပေါ့။ မွန်းကျပ်မှုတွေ လျော့သွား တာတော့ အမှန်ပဲ။ ကန့်သတ်ဦးရေနဲ့ သွားလာတာဆိုတော့ ပိုပြီး စိတ်လက် ပေါ့ပါးမှုကို ခံစားရပါတယ် ဟု ခရီးသွား ဦးမျိုးကို က ပြောသည်။

ဒီဇင်ဘာ၂၅ ရက်မှ ၂၇ရက်အထိ တစ်ရက်လျှင် နှစ်ကြိမ် ပြေးဆွဲလျက်ရှိပြီး သင်္ဘောတစ်စင်းလျှင် ခရီးသည် ၃၀ သာ လက်ခံမည်ဖြစ်ရာ လူဦးရေနည်းသည့် အတွက် အကျိုးအမြတ်ထက် ပြည်တွင်းခရီးသွား ပြန်လည်ဦးမော့ရန်ကြိုးစား ခြင်းဖြစ်၍ လူဦးရေ ကန့်သတ်ပြေးဆွဲခြင်းဖြစ်သည်။ လက်ရှိပြေးဆွဲမှု အောင်မြင်ပါက အခြားသော အပျော်စီးသင်္ဘောများလည်း ပြေးဆွဲနိုင်ရန် စောင့်ဆိုင်းလျက်ရှိပြီး တွံတေးတူးမြောင်းကျော်ပါက ဧရာဝတီတိုင်းဒေသကြီး ဧရိယာသို့ ဝင်ရောက်ခြင်းဖြစ်ရာ ကမ်းပေါ်တက်၍မရသော်လည်း မြစ်ပြင် အလှကို ကြည့်ရှုခံစားနိုင်သော နာရီပိုင်းအပန်းဖြေခရီးစဉ်အပြင် ညအိပ်ခရီးစဉ် များကို တိုးချဲ့ပြေးဆွဲနိုင်ရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ကြိုးပမ်းလျက ်ရှိကြောင်း သိရသည်။

သန်းထိုက်၊ ဓာတ်ပုံ - သန်းစို