Skip to main content

ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၇၇ နေရာရရှိမည့် လုပ်ငန်းတစ်ခုကို ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုမိန့်ထုတ်ပေးရန်ခွင့်ပြု

ဘားအံ  ဒီဇင်ဘာ ၂၅

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၀)ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၇၇ နေရာ ရရှိနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို အတည်ပြုမိန့်ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် UHM Development Co.,Ltd မှ ဟိုတယ်နှင့် အပန်းဖြေစခန်း (မိဇံကျွန်း) လုပ်ငန်းကို အတည်ပြုမိန့်ထုတ်ပေးရန် တင်ပြလာသည့်အပေါ် ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အတည်ပြုမိန့်ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းသည် ဦးပိုင်အမှတ်-၁၁၈နှင့် N-၁၁၀၊ ကွင်းအမှတ်-၁၁၀၆၊ မိဇံတောင်စွန်းကွင်း၊ မိဇံကျေးရွာ အုပ်စု၊ ဘားအံမြို့၊ ကရင်ပြည်နယ်ရှိ မြေဧရိယာ( ၁၀ ဒသမ ၇၂)ဧကပေါ်တွင် မတည်ငွေရင်းပမာဏ ကျပ် ၄၅၀၀ သန်း (US$ ၀ ဒသမ ၄၁၁ သန်း အပါအဝင်)ဖြင့် ဆောင်ရွက်သွားမည့်လုပ်ငန်းဖြစ်ပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးကို ဦးစားပေး မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)