Skip to main content

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှု အသိပညာပေး ဆောင်ရွက်

ကျောက်တံတား   ဒီဇင်ဘာ    ၂၅

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်းစည်း ဝတ်ဆင်ရေးလှုပ်ရှားမှုနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့ ၈ နာရီတွင် ဆူးလေဘုရားအနီးရှိ မြို့တော်ခန်းမရှေ့ရှိ ကားမှတ်တိုင်နှင့် လူစည်းကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါနှာခေါင်းစည်းဝတ်ဆင်ရေးလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြသည်။

ကားမှတ်တိုင်သို့ မဖြစ်မနေ သွားလာကြသူများအနေဖြင့် နှာခေါင်းစည်းကို စနစ်တကျဝတ်ဆင်၍ သွားလာကြရန်၊ လမ်းသွား လမ်းလာ ပြည်သူများနေအိမ်ပြင်ပသို့ သွားရောက်သည့်အခါ နှာခေါင်းစည်းဝတ်ဆင်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ တတ်နိုင်သမျှ နေအိမ်တွင်နေထိုင်ပြီး လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲမသွားကြရန်၊ အခြားသူများနှင့် တတ်နိုင်သမျှ အနည်းဆုံးခြောက်ပေအကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြရန်နှင့် လက်ကိုဆပ်ပြာ၊ လက်သန့်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောကြရန်စသည့် အသိပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်းများကိုလည်း အခမဲ့လိုက်လံဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)