Skip to main content

ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ နေပြည်တော်ကောင်စီသို့ လွှဲပြောင်းပေးအပ်

နေပြည်တော် ဒီဇင်ဘာလ ၂၃

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရိုင်/မြို့နယ်များသို့ ဖြန့်ဝေပေးရန်နှင့် စာကြည့်တိုက်တွင် ထားရှိနိုင်ရန်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် () နာရီခွဲတွင် နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ ကျင်းပ ခဲ့သည်။

အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းက ယခု လွှဲပြောင်းပေးအပ်သည့် ရည်ညွှန်း စာစောင်များ သည် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာအထက်တန်းအဆင့် ရည်ညွှန်းစာစောင်၊ ဖြောင့်မတ် တည်ကြည်မှုနှင့်ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် တို့ဖြစ်ပြီး အဆိုပါရည်ညွှန်းစာစောင်များသည် ကမ္ဘာတစ်လွှားမှ တက္ကသိုလ်အဆင့် ကျွမ်းကျင်ပညာရှင်များက ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လက်ရှိပကတိ ဖြစ်ပေါ်နေမှုများကို သုံသပ်၍ စနစ်တကျရေးသားပြုစုထားသော စာစောင်များဖြစ်ပြီး အဆိုပါရည်ညွှန်းစာစောင်များကို ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဘာသာပြန်ဆိုထားခြင်း ဖြစ်ပါကြောင်း၊ ရည်ညွှန်းစာစောင်များကို ဖြန့်ဝေရခြင်း၏ ရည်ရွယ်ချက်များ ကတော့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် တန်ဖိုးထားအပ်ပြီး လက်တွေ့လိုက်နာ ကျင့်ကြံ အားထုတ်တတ်စေရန်၊ အခြေခံ စည်းကမ်းမူဘောင်များနှင့် ကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် လူ့ဘောင်အဖွဲ့ အစည်းအတွက် အကျိုးပြုသူများ ဖြစ်လာစေရန်၊ မိမိတို့လူ့အဖွဲ့အစည်းအပေါ် မှန်ကန်ကောင်းမွန်တဲ့ အတွေးအမြင်များ ရရှိစေရန်၊ လူတိုင်းသည် မိမိတို့၏ လုပ်ဆောင်မှု တိုင်းအတွက် တာဝန်ယူမှုရှိစေရန်၊ ပြည်သူ့ဝန်ထမ်း များနှင့် နိုင်ငံဝန်ထမ်းများအတွင်း အများပြည်သူဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု (Public Integrity) ဖွံ့ဖြိုး တိုးတက်လာစေဖို့အတွက်ဖြစ်ပါကြောင်း၊ ဤရည်ညွှန်းစာစောင်များကို ကျယ်ကျယ်ပြန်ပြန့် လေ့လာဖတ်ရှုနိုင်အောင် စီစဉ်ဖြန့်ဝေပေးခြင်း၊ ဆွေးနွေးဆောင်ရွက်မှုများပြုလုပ်ပေးခြင်းဖြင့် စီးပွားရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍတို့တွင် ဖြောင့်မတ်တည်ကြည်မှု၊ ကိုယ်ကျင့်သိက္ခာနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ခံယူချက်များ၊ အသိအမြင်များ ပိုမိုတိုးတက်ခိုင်မာလာစေမည်ဟု ယုံကြည်မျှော်လင့်ပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးက ဤရည်ညွှန်းစာစောင်များသည် Education for Justice-E4J ခေါင်းစဉ်ဖြင့် ပြုစုထားခြင်း ဖြစ်ကြောင်း၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး UNODC မှ မူပိုင်ခွင့်တောင်းခံပြီး ခွင့်ပြုချက်အရ ထုတ်ဝေထားခြင်းဖြစ်ကြောင်းနှင့် လွှဲပြောင်း လက်ခံရရှိသည့် ရည်ညွှန်း စာစောင်ပါအချက်အလက်များကို အလုပ်ရုံဆွေးနွေးပွဲနှင့် နည်းပညာဆိုင်ရာ သင်တန်းများတွင် ကိုးကား ၍ အသုံး ပြုနိုင်ပါကြောင်းပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ထံသို့လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး က နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးအေးမြင့်ထံသို့လည်းကောင်း စုစုပေါင်းရည်ညွှန်းစာစောင် အစုံ(၉၀)အုပ်ကို လွှဲပြောင်း ပေးအပ်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ရည်ညွှန်း စာစောင်များ လွှဲပြောင်းပေးအပ်သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အမှန်တကယ် ကြိုးပမ်း ဆောင်ရွက်နေသည့်အတွက် ကော်မရှင်၏ လုပ်ဆောင်ချက်များ အောင်မြင်မှုရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ လက်ခံရရှိသည့် ရည်ညွှန်း စာစောင်ပါ အချက်အလက်များကို အလုပ်ရုံဆွေးနွေးပွဲနှင့် နည်းပညာဆိုင်ရာသင်တန်းများတွင် အလျဉ်းသင့်သလို အသိပညာပေး ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင် နှင့် ဦးအောင်မြင်ထွန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ခေတ္တ ဥက္ကဋ္ဌ ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးအေးမြင့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)