Skip to main content

ဂျပန်ယန်း ၉၉၅ သန်း တန်ဖိုးရှိ ကျန်းမာရေး၊ ပညာရေးနှင့် အာဟာရဖွံ့ဖြိုးရေးစီမံကိန်းများကို ပြည်တွင်းနေရပ်စွန့်ခွာသူများ အတွက်ရည်ရွယ်၍ ဂျပန်နိုင်ငံက အကူအညီပေးအပ်မည်

နေပြည်တော် ဒီဇင်ဘာ ၂၂

ဂျပန်နိုင်ငံအစိုးရအနေဖြင့် ပဋိပက္ခများဖြစ်ပွားလျက်ရှိသောဒေသများနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် အထောက်အပံ့များ အပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးနှင့် မြန်မာနိုင်ငံသူ၊နိုင်ငံသားများအတွက် ကဏ္ဍအသီးသီးတွင် ဆက်လက်၍ အစွမ်းကုန် ပံ့ပိုးကူညီ လျက်ရှိသည်။ ယခုအခါ ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်ဝန်းကျင်ကျေးရွာ ဒေသခံများအတွက် ကျန်းမာရေး၊ ရေရရှိရေး၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ( WASH) နှင့် ပညာရေးဆိုင်ရာ အထောက်အပံ့စီမံကိန်း၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများအတွက် အာဟာရဖွံ့ဖြိုးမှုတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ အတွက် အထောက်အပံ့ပေးအပ်ရေးစာချွန်လွှာကို ယနေ့တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။

ယနေ့ လက်မှတ်ရေးထိုးခြင်းအစီအစဉ် တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ မာရုယာမ အီချီရို နှင့် ကုလသမဂ္ဂအဖွဲ့အစည်းနှစ်ခု ဖြစ်သည့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏မြန်မာ နိုင်ငံဆိုင်ရာ လက်ထောက်ကိုယ်စားလှယ် Ms. Alessandra Dentice နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Mr. Marcus Prior တို့က စုစုပေါင်း ဂျပန်ယန်း ၉၉၅ သန်း (အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ သန်းခန့်) တန်ဖိုးရှိသော အထောက်အပံ့ စီမံကိန်းများ အတွက် စာချွန်လွှာများကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ခြင်းဖြစ်သည်။

စီမံကိန်းတစ်ခုဖြစ်သည့် ပဋိပက္ခဖြစ်ပွား ရာ ဒေသများရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံလူထု အတွက် ကျန်းမာရေး၊ ရေ၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး(WASH) နှင့် ပညာ ရေးဆိုင်ရာအထောက်အပံ့စီမံကိန်းအတွက် ( အထောက်အပံ့ပမာဏမှာ ဂျပန်ယန်း ၄၉၈ သန်း (အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သန်း ခန့်) ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ သတင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

အဆိုပါ စီမံကိန်းသည် UNICEF နှင့် ပူးပေါင်း၍ ပဋိပက္ခဖြစ်ပွားမှုဒဏ်ခံရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များဖြစ်သော ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်တို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ပဋိပက္ခများကြောင့် ဖြစ်ပွားသည့် ထိတ်လန့်မှုနှင့် စိတ်ဖိစီးမှုများ၊ ရာသီဥတု အပြောင်းအလဲနှင့် ရှုပ်ထွေးသောအကျပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းနိုင်မည့်စွမ်းရည်အား မြှင့်တင် ခြင်းဖြင့် ဒဏ်ခံနိုင်ရည်ရှိအောင် ဆောင်ရွက် ပေးရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

စီမံကိန်းဆောင်ရွက်ချက်များမှာ ကျန်းမာ ရေးဆိုင်ရာလှုပ်ရှားမှုများသည် ကလေးမွေးဖွား ခြင်း၊ အသက်ငါးနှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ကျန်းမာရေးဝန်ဆောင်မှုကို မြှင့်တင်ရန်ရည်ရွယ် ပြီး ထိခိုက်အလွယ်ဆုံးသူများအကြား ကာကွယ် နိုင်သောရောဂါများ၊ ရောဂါဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းတို့ကို လျှော့ချရာတွင် အထောက် အကူပြုမည်ဖြစ်သည်။ ရေ၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လှုပ်ရှားမှုများ သည် အထူးသဖြင့် လိုအပ်သူများအတွက် လုံခြုံစိတ်ချရပြီး သင့်တင့်သော ဈေးနှုန်းဖြင့် လုံလောက်သော WASH ဝန်ဆောင်မှုများကို ညီတူညီမျှရရှိစေရန်၊ အသုံးပြုနိုင်စေရန်နှင့် လက်ဆေးခြင်းနှင့် တခြားကောင်းမွန်သော အလေ့အကျင့်များကို တိုးတက်ရန် ရည်ရွယ် ထားကြောင်း ဂျပန်သံရုံးမှ သိရှိရသည်။

ပညာရေးဆိုင်ရာ လှုပ်ရှားမှုများသည် အထူးသဖြင့် ပဋိပက္ခဒဏ်ခံစားရပြီး ချို့တဲ့သော ကလေးများအတွက် လုံခြုံစိတ်ချရကာ သင့်တင့် ကောင်းမွန်ကာ အကာအကွယ်ပေးထားသော ပညာသင်ကြားရေး ပတ်ဝန်းကျင်များတွင် အားလုံးအကျုံးဝင်ပြီး အရည်အသွေးပြည့်မီ သော ပညာရေးပံ့ပိုးပေးရန်နှင့် လူငယ်များ ပါဝင်မှုကို မြှင့်တင်ရန်ရည်ရွယ်ထားခြင်း ဖြစ်သည်။

ထို့ပြင် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်ဝန်းကျင် ကျေးရွာလူထုများအတွက် အာဟာရဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ စီမံကိန်းကိုလည်း ထောက်ပံ့ငွေပမာဏ ဂျပန်ယန်း ၄၉၇ သန်း (အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သန်းခန့်) ရည်ရွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းစီမံကိန်းသည် WFP နှင့် ပူးပေါင်း၍ ရခိုင်၊ ကချင်၊ ရှမ်းမြောက်ပိုင်းနှင့် ချင်းပြည်နယ် ကဲ့သို့သော ပဋိပက္ခဒဏ်ခံရသည့်ဒေသများ တွင် အာဟာရဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် စားနပ်ရိက္ခာထောက်ပံ့မှု မလုံလောက်သော ပြဿနာများကို ဖြေရှင်းရန်အတွက် ပြည်တွင်း နေရပ်စွန့်ခွာသူများနှင့် ပတ်ဝန်းကျင် ကျေးရွာလူထုများ၏ ကိုယ့်အားကိုယ်ကိုး စနစ်ကို ပံ့ပိုးကူညီပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။

အဓိကလှုပ်ရှားမှုများတွင် စားနပ်ရိက္ခာများနှင့် ကျောင်းအစားအစာများထောက်ပံ့ ခြင်း၊ ဆည်မြောင်းနှင့် ရေနုတ်မြောင်းများ ပြုပြင်ခြင်းတို့ပါဝင်ပြီး မြန်မာနိုင်ငံ၏ အာဟာရ အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုမည် ဖြစ်သည်။ ဤ စီမံကိန်းအရ ကယ်ဆယ်ရေးအထောက်အပံ့ များမှတစ်ဆင့် လူဦးရေ ၁၃၈၈၀၀ ပါဝင်သော အကျိုးခံစားခွင့်ရှိသူများ၊ အာဟာရဖြည့်တင်း ခြင်းဆိုင်ရာ အထောက်အပံ့များမှတစ်ဆင့် ကိုယ်ဝန်ဆောင်အမျိုးသမီး၊ နို့တိုက်မိခင်နှင့် အသက် ငါးနှစ်အောက်ကလေးငယ် ၃၁၀၅၀ နှင့် အရင်းအနှီးရင်းမြစ်ဖော်ဆောင်မှု စီမံချက်မှတစ်ဆင့် လူဦးရေ ၂၀၀၀၀၊ စားနပ် ရိက္ခာအထောက်အပံ့မှတစ်ဆင့် HIV/TB လူနာ ၁၄၀၀ နှင့် ကျောင်းတွင်းအစားအစာကျွေးခြင်း အစီအစဉ်မှတစ်ဆင့် မူလတန်းကျောင်းမှ ကလေးသူငယ် ၁၉၇၀၀၀ တို့အား အထောက် အပံ့များပေးအပ်ရန် ရည်ရွယ်ထားကြောင်း သတင်းထုတ်ပြန်ချက်အတွင်း ထည့်သွင်း ဖော်ပြထားသည်။

ခင်ရတနာ ၊ ဓာတ်ပုံ- ဂျပန်သံရုံး