နေပြည်တော်၊ ဒီဇင်ဘာ ၂၂
အင်းတော်မြို့နယ်၊ အင်းတော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်ည ၁၁ နာရီခွဲတွင် အင်းတော်မြို့နယ်၊ နဘားကျေးရွာအုပ်စု၊ နဘားကျေးရွာအနီး တွင် အိုက်ငို့မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ကိုလင်း(ခ)ငလင်း မောင်းနှင်လာသော မော်တော်ဆိုင် ကယ်တို့ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ကိုလင်း(ခ)ငလင်းမှာ ဆိုင်ကယ်ထား၍ ထွက်ပြေးသွားသော ကြောင့် ၎င်းဆိုင်ကယ် ၂ စီးအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၂,၉၄၀ ကိုလည်းကောင်း။
ထို့အတူ ဒီဇင်ဘာ ၂၁ ရက်နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာ၊ သာစည်-တောင်ကြီး သွားကားလမ်း၊ မိုင်တိုင်အမှတ် ၃၁/၀ အနီးတွင် ဇော်လွင်မောင်းနှင်လာသော ခရီးသည် တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ Ammoniun Nitrate ၁၀၅ ကီလိုကိုလည်းကောင်း၊ ကွင်းဆက်အရ မခင်မာကြိုင်(ခ)ကရင်မအား ဘုရားငါးဆူကျေးရွာလမ်းဆုံ၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား စစ်မေးချက်အရ ဘုရားငါးဆူကျေးရွာနေ ယဉ်ဦး(ခ)ကတုံး၏ နေအိမ်သို့ဝင် ရောက်ရှာဖွေရာ Ammoniun Nitrate ၁,၃၅၀ ကီလို ကိုလည်းကောင်း။
အလားတူ ယင်းနေ့ ညနေ ၅ နာရီတွင် မုဒုံမြို့နယ်၊ ကမာဝက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ဆက်သွယ်ကျေးရွာအုပ်စု၊ အဘစ်ကျေးရွာအနီး၊ အဘစ်-တံခွန်တိုင် ကျေးရွာသွားကားလမ်းတွင် သိုက်လရီထော မောင်းနှင်ပြီး မောင်မြင့် လိုက်ပါလာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၆၈ ကို သိမ်းဆည်းခဲ့သဖြင့် ယင်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရ သည်။
(ရဲပြန်ကြား)