Skip to main content

တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနား ပထမအကြိမ်အဖြစ် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၁

တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၂) ၌ ပထမအကြိမ်အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေး က အမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လိုကြောင်း လိုအပ်ချက်များ ပြည့်စုံစွာဖြင့် လျှောက်ထားသူ အထက်တန်းရှေ့နေ (၁၆၄) ဦးကို တရားလွှတ်တော် ရှေ့နေ အသိအမှတ်ပြု လက်မှတ်များပေးအပ်သည်။ ထို့နောက် တရား လွှတ်တော် ရှေ့နေ အသိအမှတ်ပြုလက်မှတ် ရရှိသူများက ကတိသစ္စာပြုကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် (လုပ်ထုံး/စစ်ဆေးရေး)၊ ရှေ့နေရှေ့ရပ်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး၊ လက်‌ထောက်ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(Coronavirus Disease 2019) COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ အသွားအလာ ကန့်သတ်ချက်များ ရုပ်သိမ်းပြီးနောက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ဤကိစ္စအလို့ငှာ အမိန့်တစ်စုံတစ်ရာ ထပ်မံ ထုတ်ပြန်သည့် အချိန်အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပေးအပ်သည့် အခမ်းအနားများ ကို ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)