Skip to main content

ဧရာဝတီတံတား (သရက်-အောင်လံ) တည်ဆောက်ရေး စီမံကိန်းတို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၀

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ကျော်လင်း သည် ယမန်နေ့က တောင်တွင်းကြီး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်းနှင့် ဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန် - ပြည် - မကွေး - မန္တလေးလမ်း မိုင် (၂၆၁/၅ - ၂၆၁/၆) အကြားတွင် တံတားအထူးအဖွဲ့ (၃)မှ တာဝန်ယူ တည်ဆောက် နေသော တံတားအမှတ် (၂/၂၆၂) ပရပ်ကျယ်တံတား တည် ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိ ရာ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးတင်နိုင်ကိုကိုက ယာယီလမ်းလွှဲ တံတားနှင့် တံတားတည်ဆောက်ပြီးစီး မှုများ ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် လွှတ်တော်ကိုယ်စား လှယ် ဦးမင်းသိန်းက ပြန်လည် ဖြုတ်သိမ်းနေသည့် တံတား RPT သံပေါင် များကို တိုင်းဒေသကြီးအတွင်း ရှိ ကျေးလက်လမ်းများတွင် ပြန်လည် အသုံးပြုခွင့်ပြုရန် ညှိနှိုင်းခဲ့ရာ ဒုတိယ ဝန်ကြီးက တံတားလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး RPT သံပေါင်များ ကို ပြန်လည်ပြုပြင်ရန် နည်းလမ်းများ နှင့် တိုင်းဒေသကြီးအတွင်း အသုံးပြု ခွင့်ပြုရန် တံတားဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ပရပ်ကျယ်တံတားသည် အရှည် ပေ ၁၈၀၊ အကျယ် ၂၄ ပေရှိ နှစ်လမ်း သွားတံတားဖြစ်ပြီး တံတားအုတ်မြစ် မှာ သံကူကွန်ကရစ် တံတားအမျိုး အစားဖြစ်သည်။ ယခုအခါ ယာယီ လမ်းလွှဲဘေလီတံတား ထိုးပြီး၍ ဘိုးပိုင်အုတ်မြစ်များ တူးဆဲဖြစ်ရာ တံတားတစ်စင်းလုံး၏ ၁၂ ရာခိုင်နှုန်း ပြီးစီးကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီး သည် အောင်လံမြို့ရှိ ဧရာဝတီတံတား (သရက်-အောင်လံ) တည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိရာ စီမံကိန်း တံတားရှင်းလင်းဆောင်တွင် စီမံကိန်း တာဝန်ခံညွှန်ကြားရေးမှူး (မြို့ပြ) ဦးဌေးအောင်က စီမံကိန်းလုပ်ငန်းခွင် တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမရှိစေ ရေးဆောင်ရွက်မှုအစီအစဉ်၊ တံတား စီမံကိန်းလုပ်ငန်း စီမံချက်ပြီးစီးမှုနှင့် ရန်ပုံငွေရရှိမှုတို့ကို ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးနေအောင်ရဲမြင့်က တံတား၏ Technical ပိုင်းဆိုင်ရာများနှင့် တံတား သံပေါင်မှာယူမည့် အစီအစဉ်များကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။ ရှင်းလင်းတင်ပြမှုနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက တံတားသံပေါင် မှာယူရမည့် သံမဏိအမျိုးအစား၊ စံချိန် စံညွှန်းနှင့် တပ်ဆင်ရမည့် နည်းလမ်း များကို ရှင်းလင်းပြောကြားခဲ့ပြီး တံတားလုပ်ငန်းခွင်တွင် ကိုဗစ် - ၁၉ ရောဂါ အန္တရာယ်မဖြစ်ပွားစေရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန် မှာကြားပြီး တံတားတည်ဆောက်ရေး လုပ်ငန်း ခွင်အား ကြည့်ရှုစစ်ဆေးသည်။

ဧရာဝတီတံတား (သရက် - အောင်လံ) သည် အရှည် ၂၂၇၂ ဒသမ ၅ မီတာ၊ အကျယ် ၁၀ ဒသမ ၅ မီတာရှိ နှစ်လမ်းသွားတံတားဖြစ်ပြီး တံတားအုတ်မြစ်မှာ ဘိုးပိုင်အမျိုး အစားနှင့် တံတားကိုယ်ထည်မှာ သံကူ ကွန်ကရစ်ဖြစ်ကာ တံတား အပေါ်ထည်မှာ သံမဏိသံပေါင် တံတား အမျိုးအစားဖြစ်သည်။ ယခု အချိန်ထိ တံတားစီမံကိန်းတစ်ခုလုံး၏ ၅ ဒသမ ၆ ရာခိုင်နှုန်း ပြီးစီးနေကြောင်း သိရသည်။

သတင်းစဉ်