Skip to main content

ရန်ကုန်မြစ်တွင်း အပျော်စီးသင်္ဘောခရီးစဉ်သစ် ဖွင့်လှစ်ပြေးဆွဲ

ရန်ကုန် ဒီဇင်ဘာ ၂၀

ရန်ကုန်မြစ်အတွင်း နှစ်ထပ်အပျော်စီး သင်္ဘောခရီးစဉ်သစ် ပြေးဆွဲရန်အတွက် ဖွင့်ပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်း ဆိပ်ကမ်းအနီးရှိ ကျန်းမာရေးဆိပ်ကမ်း ၌ ယနေ့ညနေပိုင်းက ကျင်းပသည်။

ကိုဗစ်ကာလပြည်သူများ စိတ်အပန်းဖြေနိုင်ကြစေရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက စီစဉ်သော ရန်ကုန်မြစ်အတွင်း အပျော်စီး သင်္ဘောခရီးစဉ်အား ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်)ညနေပိုင်းမှစတင်၍ ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ခရီးသွားမြှင့်တင်ရေးကဏ္ဍ အစီ အစဉ်ဖြစ်သော ကျန်းမာရေးဆိပ်ကမ်း-ရန်ကုန်မြစ်-ဘုရင့်နောင်-မြစ်သုံးဆိုင်- ကျန်းမာရေးဆိပ်ကမ်း ခရီးစဉ်အား ပြေးဆွဲမည့် အဆိုပါ နှစ်ထပ်အပျော်စီး သင်္ဘောခရီးစဉ်သစ်ဖွင့်ပွဲ၌ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနရုံးခွဲ (ရန်ကုန်တိုင်းဒေသကြီး) ညွှန်ကြားရေးမှူးဦးနိုင်ဝင်းနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များ အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်တို့ကတက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဖွင့်ပွဲအပြီး၌ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာနမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင် အသင်းဝင်များ အပါအဝင် သတင်းမီဒီယာများနှင့် အတူ ကျန်းမာရေးဆိပ်ကမ်းမှ နှစ်ထပ် အပျော်စီးသင်္ဘောဖြင့် ကျန်းမာရေး ဆိပ်ကမ်း-ရန်ကုန်မြစ်-ဘုရင့်နောင်-မြစ်သုံးဆိုင်- ကျန်းမာရေးဆိပ်ကမ်း ခရီးစဉ်အား ယနေ့ညနေ ၄ နာရီတွင် လိုက်ပါစီးနင်းခဲ့ကြပြီး ည ၇ နာရီတွင် ကျန်းမာရေးဆိပ်ကမ်းသို့ ပြန်လည် ရောက်ရှိခဲ့ကြကြောင်း သိရသည်။

လိုက်နာရမည့်ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက်များနှင့်အညီ အဆိုပါ အပျော်စီးသင်္ဘောပေါ်၌ ခရီးသည် ၁၂၀ လိုက်ပါစီးနင်းနိုင်ကြမည် ဖြစ်သော် လည်း ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်)ညနေပိုင်းမှ စတင်၍ ပြေးဆွဲမည့်ခရီး စဉ်များ၌ ခရီးသည် ၃၀ ကိုသာ တင်ဆောင်၍ အပျော်စီးသင်္ဘော ခရီးစဉ်အားပြေးဆွဲပေးမည်ဖြစ်ရာ အပျော်စီး သင်္ဘော ထိုင်ခုံလက်မှတ်ခနှုန်းထားအားတစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀ကျပ် သတ်မှတ်ထားရှိ ကြောင်း သိရပြီး ပေါက်စီ၊ မုန့်နှင့် သောက်ရေသန့် များကိုလည်း ခရီးသည်များအတွက် စားသုံးနိုင်ရန် စီစဉ်ထားမည်ဖြစ် ကြောင်း သိရသည်။

''လက်မှတ်က ကျွန်တော်တို့ဆီမှာဝယ်ယူနိုင်သလို အသင်းဝင်ခရီးသွားကုမ္ပဏီတွေဆီမှာလည်း ဝယ်ယူလို့ရပါ တယ်။ ခရီးသည် ၃၀ သာ တင်ဆောင် ခွင့်ရတဲ့အတွက် စျေးနည်းနည်းကြီး နေတာပါ။ နောက်ပိုင်းလူလည်း နည်းနည်း ပိုတင်လို့ရမယ်။ ခွင့်ပြုချက်လည်းရှိတယ်ဆိုရင်တော့ ကျွန်တော်တို့လက်မှတ်ခနှုန်းထားကို ထပ်လျှော့ပေးမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

နေဝင်ချိန် ဆည်းဆာအလှကို လိုက်ပါခံစားနိုင်ရန် ရည်ရွယ်၍ ဗိုလ်တထောင်- တွံတေး ခရီးစဉ်ကိုပါ ထပ်မံပြေးဆွဲရန်စီစဉ်ထားရာ ခရီးစဉ်၌ ရွှေဆံတော်ဘုရားနှင့် ဒေသခံများ လုပ်ကိုင်နေကြသည့် အိုးလုပ်ငန်းများ အပါအဝင် ရက်ကန်းလုပ်ငန်းများကို ပါဝင်ရောက်လေ့လာနိုင်ကြမည်ဖြစ်ကြောင်း၊ ယခုပြေးဆွဲမည့် နှစ်ထပ် အပျော်စီးသင်္ဘောအပါအဝင် ထပ်မံ၍ နှစ်ထပ်အပျော်စီး သင်္ဘောတစ်စင်း ထပ်တိုးပြေးဆွဲရန်စီစဉ်ထားရာ ခရီး စဉ်၌ ခရီးသည်များအနေဖြင့် ညနေ ၃ နာရီ ၄၅ မိနစ်တွင် သင်္ဘောပေါ်သို့ တက်ကြရမည်ဖြစ်ပြီး ညနေ ၃ နာရီ ခွဲတွင် ကောင်တာပိတ်မည်ဖြစ်ကြောင်း၊ ပြေးဆွဲပေးမည့်ခရီးစဉ်အရ ကျန်းမာ ရေးဆိပ်ကမ်းမှတစ်ဆင့် ညနေ ၄ နာရီတွင်စတင်ထွက်ခွာပြေးဆွဲမည် ဖြစ်ပြီး ရန်ကုန်မြစ်တွင်းမှ ဗိုလ်တထောင်ဘုရားအနီးတစ်ဝိုက်၊ ထိုမှတစ်ဆင့် သန်လျက်စွန်းသို့ ပြေးဆွဲ၍ သန်လျက်စွန်းမှ ရန်ကုန်မြစ်အတိုင်း ပြေးဆွဲမည်ဖြစ်သည်။ ယင်းနောက် တွံတေးမြစ်ဝရှိ မြစ်သုံး ဆုံနေရာသို့ ဆက်လက်ပြေးဆွဲကာ ထိုမှတစ်ဆင့် ကြည့်မြင်တိုင် ကမ်းနားလမ်းတောက် လျှောက် ဘုရင့် နောင်တံတားအနီးထိ ပြေးဆွဲ၍ ကျန်းမာရေးဆိပ်ကမ်းသို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရ သည်။

သတင်း-ပွင့်သစ္စာ

ဓာတ်ပုံ-စိုးမြင့်အောင်