ညောင်လေးပင် ဒီဇင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့က ညောင်လေးပင်မြို့နယ် ဒေသခံများ၏ အခက်အခဲများနှင့်ပတ်သက်၍ တင်ပြမှုများအပေါ် ကွင်ဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့်အတူ နံနက် ၉ နာရီခွဲအချိန်က မဒေါက်မြို့ ဘုရားဖြူပိုင်းအနီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ပန်းတာနှင့် စစ်တောင်းမြစ် နီးကပ်နေမှုနှင့် စစ်တောင်းမြစ်ကြောင်း ဖြောင့်ခြင်း လုပ်ငန်း ဆောင်ရွက် လိုသည့် အခြေအနေတင်ပြမှုများအပေါ် ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မဒေါက်မြို့ တိုက်နယ်ဆေးရုံသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်း များ ထောက်ပံ့ပေးအပ်ပြီးနောက် လယ်မြေဧက ၅၀၀ ကျော် နှစ်စဉ်ရေနစ်မြုပ်မည့် ဘေးမှ လွတ်ကင်းရန် သောင်ကြီးကျေးရွာအနီးရှိ စစ်တောင်းတာ တာမိုင်(၄၃/၀)၌ ရေထုတ်ပေါက် တည်ဆောက်နိုင်ရေး တင်ပြတောင်းခံမှုအပေါ် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ ထို့နောက် မဒေါက်မြို့ တရုတ်ဘုံကျောင်း ခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ တင်ပြမှုများအပေါ် ဆွေးနွေးပြီး သက်ဆိုင်ရာဌာနများမှ ဆောင်ရွက် သင့်သည့် လုပ်ငန်းအစီအမံများ ပြန်လည် တင်ပြရန် ညွှန်ကြားခဲ့သည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မဒေါက်မြို့မှ ညောင်လေးပင်မြို့နယ်ဆေးရုံသို့ သွားရောက် ၍ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ကုသဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များ အား ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေ ငါးသိန်းကျပ်အား ပေးအပ်သည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြေယာ ကိစ္စများနှင့် ညောင်လေးပင်မြို့အဝင် အမှိုက်ပုံကိစ္စများအား လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်လွင်(ညောင်လေးပင်)