ရန်ကုန် ဒီဇင်ဘာ ၁၈
မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အွန်လိုင်း ရုပ်ရှင်ပဟေဠိပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ ညနေ (၅) နာရီတွင် Virtual စနစ်ဖြင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် အွန်လိုင်းရုပ်ရှင်ပဟေဠိပြိုင်ပွဲ (8 PM Quiz Night Show) ကို ဒီဇင်ဘာ ၁၃ ရက်၊ ည(၈)နာရီ အချိန်တွင် 7Day TV Facebook စာမျက်နှာမှ တစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်ကျင်းပခဲ့ရာ စုစုပေါင်း လူဦးရေ (၉၁၇)ဦး ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု (ကျပ် ၅ သိန်းနှင့် iPhone တစ်လုံး) ကို အမှတ်ပေါင်း ၂၃၃၃ မှတ်ရရှိခဲ့သော Mi Theint အမည်ဖြင့် ဝင်ရောက် ဖြေဆိုခဲ့သူက လည်းကောင်း၊ ဒုတိယဆု (ကျပ် ၃ သိန်း ) ကို အမှတ်ပေါင်း ၂၃၃၀ မှတ်ရရှိခဲ့သော katkat 18 အမည်ဖြင့် ဝင်ရောက်ဖြေဆိုခဲ့သူက လည်းကောင်း၊ တတိယဆု (ကျပ် ၂ သိန်း ) ကို အမှတ်ပေါင်း ၂၂၉၈ မှတ်ရရှိခဲ့သော Nyein Chan အမည်ဖြင့် ဝင်ရောက်ဖြေဆိုခဲ့သူက လည်းကောင်း အသီးသီး ရရှိခဲ့ကြကြောင်း၊ ဆုရရှိခဲ့ကြသူများ အနေဖြင့် ဆုများကို ဒီဇင်ဘာလ ၁၉ ရက်နေ့ နေ့လည် (၁) နာရီတွင် အမှတ် (၅၀) ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ တွင် မှတ်ပုံတင် ပြသ၍ သွားရောက် ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။
အွန်လိုင်းရုပ်ရှင် ပဟေဠိပြိုင်ပွဲ ဖြစ်မြောက်ရေး အတွက် သရုပ်ဆောင် အကယ်ဒမီဆုများရှင် ရန်အောင်၊ အကယ်ဒမီ နေတိုးနှင့် အကယ်ဒမီ ဆုများရှင် ထက်ထက်မိုးဦးတို့မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် 7 Day TV တို့က ပူးပေါင်းစီစဉ် တင်ဆက်ခဲ့ခြင်းဖြစ်သည်။
MOI