နေပြည်တော် ဒီဇင်ဘာ ၁၇
(၉) ကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ ဒေသတွင်းအဆင့်ပြိုင်ပွဲ (9th ASEAN Quiz- Regional Level) ကို ယမန်နေ့ နံနက် ၇ နာရီခွဲတွင် စင်ကာပူနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ရာ မြန်မာနိုင်ငံကိုယ်စားပြု ကျောင်းသူသုံးဦး ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ စတူဒီယိုခန်းမမှ ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲအတွက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပညာရေး ဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်းပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၀ ရက်က Google Classroom စနစ်ဖြင့် အွန်လိုင်းမှ ပထမအကြိမ် ရေးဖြေစစ်ဆေးခဲ့ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ရွေးချယ်ထားသည့် အခြေခံပညာအဆင့် ကျောင်းသူ ကျောင်းသား ၃၄ ဦးအနက် ကျောင်းသူ ကျောင်းသား ၃၀ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ယင်းအနက်မှ အမှတ် အများဆုံးရရှိသူ ကျောင်းသူ ကျောင်းသား ၁၀ ဦးကို ပဏာမရွေးချယ်ကာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၃ ရက်က ဆန်ခါတင်အဆင့် ပြိုင်ပွဲဝင်ငါးဦးကို ရေးဖြေနှုတ်ဖြေ စစ်ဆေးမှုဖြင့် ထပ်မံစိစစ်ရွေးချယ်ခဲ့ရာ ယင်းဆန်ခါတင် ပြိုင်ပွဲဝင် ငါးဦးအနက်မှ သုံးဦးကို ရွေးချယ်ခဲ့ပြီး ယခုကဲ့သို့ မြန်မာနိုင်ငံကိုယ်စားပြု၍ ယှဉ်ပြိုင် ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံစီမှ အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသူ ကျောင်းသားများကို နိုင်ငံအလိုက် သုံးဦးစီဖြင့် ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲ တွင် အာဆီယံ ၁၀ နိုင်ငံအနက် ဖိလစ်ပိုင်နိုင်ငံမှ အကြောင်းအမျိုးမျိုး ကြောင့် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့ကြောင်း၊ ကျောင်းသူ ကျောင်းသားများ အာဆီယံဗဟုသုတများ ပြည့်စုံကြွယ်ဝစေရန်၊ အာဆီယံ နိုင်ငံသားများအဖြစ် ဂုဏ်ယူတတ်စေရန်နှင့် အာဆီယံလူငယ်အချင်းချင်း ချစ်ကြည် ရင်းနှီးမှု ရရှိစေရန် အဓိကရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း၊ ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပပြီး ပထမနေ့တွင် အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ ကျင်းပနိုင်ရေး အတွက် အာဆီယံနိုင်ငံများရှိ ပြန်ကြားရေးဆပ်ကော်မတီ (SCI) အသီးသီးမှ တာဝန်ရှိသူများ၊ ကြီးကြပ်သူ ဆရာ ဆရာမများအပါအဝင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ စုပေါင်း၍ အကြိုညှိနှိုင်း အစည်း အဝေးပြုလုပ်ခြင်း၊ အစမ်းလေ့ကျင့်ခြင်းများကို အွန်လိုင်းမှ တစ်ဆင့်ဆောင်ရွက်ခဲ့ပြီး ဒုတိယနေ့တွင် အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲအား စတင် ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် အာဆီယံဆိုင်ရာ ဗဟုသုတများကို နိုင်ငံအသီးသီးမှ ကျောင်းသား ကျောင်းသူများက အလှည့်တစ်လှည့်လျှင် နှစ်ကြိမ်နှုန်းဖြင့် အလှည့်သုံးလှည့် ယှဉ်ပြိုင်ကြပြီး Social Program အနေဖြင့် နိုင်ငံအသီးသီးရှိ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ ချစ်ကြည် ရင်းနှီးမှုတိုးပွားလာစေရေး၊ အာဆီယံနိုင်ငံများအကြောင်း ပိုမိုသိရှိနားလည်လာစေရေး ရည်ရွယ် ၍ ချစ်ကြည်ရေးကစားပွဲအား ဆက်လက် ကျင်းပခဲ့ရာ ယနေ့မွန်းလွဲ ၃ နာရီတွင် ပြိုင်ပွဲပြီးဆုံး ခဲ့ကြောင်း သိရသည်။
အဆိုပါ အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲသည် အာဆီယံ ယဉ်ကျေးမှုနှင့် ပြန်ကြားရေး ကော်မတီဖြစ်သည့် (ASEAN-COCI) ၏ စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၀၂ ခုနှစ်မှ စတင်၍ နှစ်နှစ်လျှင် တစ်ကြိမ် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အလှည့်ကျကျင်းပလျက်ရှိရာ ၂၀၀၂ ခုနှစ်တွင် ထိုင်း နိုင်ငံ၊ ၂၀၀၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ၂၀၀၆ ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ၂၀၀၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ၂၀၁၆ ခုနှစ်တွင် လာအိုနိုင်ငံနှင့် ၂၀၁၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်းဖြစ်ကြောင်းနှင့် (၁၀) ကြိမ်မြောက် အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ (ဒေသတွင်းအဆင့်) 10th ASEAN Quiz (Regional Level) ကို ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်