နေပြည်တော် ဒီဇင်ဘာ ၁၇
အာရှ-ပစိဖိတ် မြို့တော်များ ဆေးလိပ်သောက်သုံးမှု ထိန်းချုပ်ရေးနှင့် မကူးစက်တတ်သော ရောဂါများ ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်အဖွဲ့ (APCAT) က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၅) ကြိမ်မြောက် အာရှ-ပစိဖိတ် မြို့တော်ဝန်များ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နီပေါနိုင်ငံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မျိုးအောင် ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင်က နေပြည်တော်ကို ဆေးလိပ်ငွေ့ကင်းစင်သော မြို့တော်အဖြစ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အရွယ်ရောက်ပြီးသူများနှင့် လူငယ်များ အတွင်း ဆေးလိပ်သောက်သုံးနေမှု အခြေအနေများကိုလည်းကောင်း၊ ဆေးလိပ်သောက်သုံးမှုနှင့် ဆက်စပ်ဖြစ်ပွားသော နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်ရေးအတွက် ဆေးလိပ်သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန် လိုအပ်နေမှု အခြေအနေ များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း နေပြည်တော်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး လုပ်ငန်းအဖွဲ့ကို ဦးစွာဖွဲ့စည်းခဲ့ကြောင်း၊ အများပြည်သူ တို့အား ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုး များမှ ကာကွယ်ရန် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းများကို အများပြည်သူ သိရှိလိုက်နာစေရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာ ခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်း၊ ဆေးလိပ် နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရှင်းလင်းပွဲများ ဆောင်ရွက် ခဲ့ကြောင်း၊ နေပြည်တော်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေနှင့် အမိန့် ကြော်ငြာစာများအပေါ် လိုက်နာဆောင်ရွက် မှုအခြေအနေကို စစ်တမ်းများ ကောက်ယူခဲ့ကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများ သုံးစွဲခြင်း၏ ဆိုးကျိုးများကို အများပြည်သူသိရှိစေရန်နှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဆိုင်ရာဥပဒေနှင့် အမိန့်ကြော်ငြာစာများကို အများပြည်သူသိရှိစေရန် အသိပညာပေး အစီအစဉ်များကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း၊ အသိပညာပေး ပိုစတာများကိုလည်း နေရာအနှံ့ စိုက်ထူထားရှိကြောင်း၊ လာမည့်နှစ် များတွင် လည်းဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပြီး မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
အစည်းအဝေးသို့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အာရှ-ပစိဖိတ် ဒေသတွင်းရှိ နိုင်ငံများမှ ဝန်ကြီးများ၊ မြို့တော်ဝန် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
သတင်းစဉ်