နေပြည်တော် ဒီဇင်ဘာ ၁၇
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Ranieri Sabatucci ဦးဆောင်သော မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီ တွင် Video Conference စနစ်ဖြင့် လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နှစ်ဖက်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးရာတွင် မကြာသေးမီကဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) သဘောတူစာချုပ်တွင် မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါစာချုပ်သည် ယခင်ကရှိ ခဲ့သော ကုန်သွယ်မှုစာချုပ်များနှင့်မတူဘဲ စီးပွားရေးဖွံ့ဖြိုးမှု အဆင့်အတန်း မတူညီ သည့် အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သော ကမ္ဘာ့ အကြီးဆုံး ကုန်သွယ်မှု နယ်မြေစာချုပ်တစ်ခု ဖြစ်ပါကြောင်းနှင့် အဆိုပါစာချုပ် ချုပ်ဆိုနိုင်ခြင်းကြောင့် အဖွဲ့ဝင်နိုင်ငံများအကြား နက်ရှိုင်းသည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ရှေ့ဆက်ဆောင်ရွက်နိုင်ရန်အတွက် အခြေခံအုတ်မြစ်တစ်ခုကို ချမှတ်နိုင်ခဲ့ ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ လျက်ရှိသည့် လုပ်ငန်းများ အနေဖြင့် RCEP စာချုပ်ပါ ရှင်းလင်းလွယ်ကူသည့် ပင်ရင်းနိုင်ငံစည်းမျဉ်းနှင့်အညီ ထုတ်ကုန်များထုတ်လုပ်၍ အဖွဲ့ဝင် နိုင်ငံများသို့ တင်ပို့နိုင်မည့် အခွင့်အလမ်းများရရှိမည် ဖြစ်ပါကြောင်း၊ အာရှသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု၏ အဓိကဒေသအဖြစ် ယခင် ကတည်းက ရပ်တည်မှုကို RCEP ပူးပေါင်းဆောင်ရွက်မှုက ပိုမိုခိုင်မာအားကောင်း စေမည်ဟု ယုံကြည်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ပိုမိုဘက်စုံ လွှမ်းခြုံပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကုန်ထုတ်လုပ်မှု ကွင်းဆက်ကို ထူထောင်နိုင်ရန် လိုအပ်လာသည့် အတွက် အာရှနိုင်ငံအများစုပါဝင်သည့် RCEP က ကမ္ဘာ့ ထုတ်လုပ်မှုကွင်းဆက်ကို ပုံမှန်ပြန်လည် လည်ပတ်လုပ်ကိုင် နိုင်သည်အထိ တစ်ဆင့်ပြီးတစ်ဆင့် စွမ်းဆောင်နိုင်မည်ဟု မျှော်လင့်ပါ ကြောင်း၊ RCEP သည် ပွင့်လင်း၍ စည်းမျဉ်းအခြေခံသည့် ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ပုံသဏ္ဌာန်ဖြစ်သည့်အတွက် ဥရောပသမဂ္ဂနိုင်ငံများနှင့် RCEP အဖွဲ့ဝင် နိုင်ငံများ အားလုံးက အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဥရောပသမဂ္ဂသံအမတ်ကြီးတို့က မြန်မာနိုင်ငံအနေဖြင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ် ပြုထားပြီး ဖြစ်သည့်အတွက် ရေအား၊ လေအားနှင့် ဆိုလာ စွမ်းအင် စီမံကိန်းများတွင် ပွင့်လင်း မြင်သာ၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရေး အတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဥရောပသမဂ္ဂသံအမတ်ကြီးက ဥရောပသမဂ္ဂအနေဖြင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှု ဒဏ်လျှော့ချရေးတို့တွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်းနှင့် နှစ်ဖက်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်သွားရေးအတွက် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲ၌ ပြင်သစ်နိုင်ငံ သံအမတ်ကြီး Mr. Christian Lechervy ၊ ဂျာမန်သံအမတ်ကြီး Mr. Thomas Neisinger ၊ အီတလီနိုင်ငံ သံအမတ်ကြီး Ms. Alessandra Schiavo၊ စပိန်သံရုံး ယာယီတာဝန်ခံ Ms. Beatriz Lorenzo နှင့် ဆွီဒင်သံရုံး သံမှူးကြီး Ms. Frida Zaric တို့ကလည်း နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Ranieri Sabatucci နှင့်အတူ ဥရောပသမဂ္ဂနိုင်ငံများမှ သံအမတ်ကြီးများနှင့် အာဆီယံနိုင်ငံတွင်းမှ ဥရောပသမဂ္ဂ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၃၃ ဦး တက်ရောက်ကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အတူ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် အဆင့်မြင့်အရာရှိများလည်း ပါဝင်တက်ရောက်ကြသည်။
သတင်းစဉ်