ရန်ကုန် ဒီဇင်ဘာ ၁၇
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ် (Non Landing Sightseening Flights Tour) ကို Myanmar National Airlines က ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
အဆိုပါ အပျော်စီးလေယာဉ်ခရီးစဉ်ကို ရန်ကုန် - ကျိုက်ထီးရိုး - ဘားအံ - ရန်ကုန်သို့ Myanmar National Airlines ရှိ ATR – 72 မှ အနိမ့်ပျံသန်းမှုဖြင့် ကျိုက်ထီးရိုးဘုရားကိုဖူးမြော်ပြီး ဘားအံမြို့၏ ပတ်ဝန်းကျင်ရှုခင်း အလှတရားများကိုလည်း ဝေဟင်မှကြည့်ရှု နိုင်မည် ဖြစ်သည်။
‘‘အခုလောလောဆယ် Non Landing Sightseening Flights Tour ဆိုတာက လေယာဉ်ပျံ က ရန်ကုန်ကနေတက်ပြီး ရန်ကုန်ကို ပြန်ဆင်းမှာပါ။ ခရီးစဉ်ကတော့ အရင်ကလိုမျိုး တစ်မြို့ ကနေတစ်မြို့ကို ခရီးသွားတဲ့ပုံစံမဟုတ်ဘဲနဲ့ ရှုခင်းတွေကိုကြည့်တယ်။ လေယာဉ်ပျံက အနိမ့်ပျံပြီးတော့သွားမှာပါ။ အခုလောလောဆယ်တော့ ကျိုက်ထီးရိုးပေါ့။ ကျိုက်ထီးရိုးကို သွားမယ်။ ကျိုက်ထီးရိုး မှာပတ်ပြီးတော့ပြမယ်။ ပြီးသွားလို့ရှိရင် ကရင်ပြည်နယ် ဘားအံပေါ့။ ဇွဲကပင်တောင်နဲ့ ဘားအံမြို့ရဲ့အလှကို ပတ်ပြီးတော့ပြမယ်။
ပြီးရင် သံလွင်မြစ်ရဲ့ ရှုခင်းကိုကြည့်ပြီးတော့ ရန်ကုန်ကိုပြန်လာမယ်’’ ဟု ဦးနောင်းနောင်းဟန်ကပြောသည်။
အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseening Flights Tour)ကို လိုက်ပါစီးနင်းမည့် ခရီးသည်များသည် ကိုဗစ်- ၁၉ ရောဂါ ရှိ မရှိ မိမိအစီအစဉ်ဖြင့် စစ်ဆေးရမည်ဖြစ်ပြီး Negative ဖြစ်မှသာ လေယာဉ်ပေါ် တက်ခွင့်ရမည်ဖြစ်ကြောင်း၊ လေယာဉ်မှာ လည်း ရန်ကုန်လေဆိပ်မှတက်၍ ရန်ကုန်လေဆိပ်တွင် ပြန်ဆင်းမည်ဖြစ်သောကြောင့် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းဝင်ရန်မလိုကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါခရီးစဉ်အပေါ် မူတည်ကာ စျေးကွက်အရ တုံ့ပြန်မှုကောင်းပါက ထပ်မံပြီး ခရီးစဉ်အသစ်များကို တိုးချဲ့ပြေးဆွဲ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
“နောက်ပိုင်းမှာတော့ စျေးကွက်ကတောင်းဆိုမှုရှိတယ်။ စျေးကွက်က တုံ့ပြန်မှုကောင်းတယ် ဆိုရင်တော့ ကျွန်တော်တို့ ထပ်မံပြီး တော့ ဆွဲပါ့မယ်။ အခုလောလော ဆယ်တော့ ဒါစမ်းသပ် ခရီးစဉ်ပေါ့၊ စမ်းသပ်ပြီးတော့ ဆွဲကြည့်တာ၊ အရင်တုန်းက ဒီလိုမျိုး ဆွဲတယ်ဆိုတာမျိုးက မရှိခဲ့ပါဘူး၊ တစ်ခါမှမရှိခဲ့ဖူးတော့ မြန်မာပြည်မှာ ပထမဆုံး စဆွဲကြည့်တယ်၊ နောက် အခါအားလျော်စွာ စျေးကွက်လိုအပ်ချက်အရ ကျွန်တော်တို့ ထပ်ပြီးဆွဲပါ့မယ်’’ဟု ဦးနောင်းနောင်းဟန်က ဆက်ပြောသည်။
လက်ရှိ ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ကိုးလခန့်ရပ်ဆိုင်းနေပြီး တချို့မှာ အပြီးပိတ်သိမ်း သည်အထိရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတကာခရီးသွားများ မမျှော်လင့်နိုင်သေး သည့်ကာလတွင် ပြည်တွင်းခရီးသွားများနှင့် ခရီးသွားလုပ်ငန်းများကို ကောင်းကောင်း လည်ပတ်နိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
‘‘ ဒီအတွက်လည်း အစိုးရအနေနဲ့ကလည်း ဒါကို လက်ခံတဲ့အတွက် ပြည်တွင်းခရီးသွားတွေ ဖွင့်ဖို့အတွက် ကျွန်တော်တို့က ကြိုးစားနေတယ်။ ဒီပြည်တွင်းခရီးသွားတွေမှာ စနစ်တကျနဲ့ စည်းကမ်းတကျနဲ့ ကိုင်တွယ်ပြီးတော့ တစ်ဖက်ကလည်း ရောဂါ မပြန့်ပွားအောင် ထိန်းချုပ်ရင်းနဲ့ ခရီးသွားလုပ်ငန်းကို ပြန်ပြီးတော့ စနစ်တကျနဲ့ ဖွင့်နိုင်မယ်ဆိုလို့ရှိရင် ဖြည်းဖြည်းချင်း ပြန်လည် ပတ်လာမယ်။ ဒီလည်ပတ်မှုရဲ့ အောင်မြင်မှုနဲ့ နိုင်ငံတကာ ခရီးသွားတွေကို ပြန်ပြီးတော့ ဆွဲဆောင်နိုင်မယ်။ အရေးကြီးဆုံးက ကိုယ့်နိုင်ငံထဲမှာ Safety ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့က ပြနိုင်ဖို့ပဲ’’ ဟု ဦးနောင်းနောင်းဟန်က ပြောသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အပျော်စီးလေယာဉ်ခရီးစဉ် (Non Landing Sightseening Flights Tour) သာမက ရန်ကုန် မြစ်တွင်း အပျော်စီးသင်္ဘောခရီးစဉ်၊ ကုန်းတွင်းခရီးစဉ်များ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ရပ်ဆိုင်းနေသည့် ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေး ကနဦးကြိုးပမ်းမှု အဖြစ် အပျော်စီးလေယာဉ်ခရီးစဉ်၊ မြစ်တွင်း သင်္ဘောခရီးစဉ်၊ ကုန်းတွင်းယာဉ်တန်းနှင့် အဏ္ဏဝါခရီးသွားလုပ်ငန်းကို ဆောင်ရွက် သွားရန် ခွင့်ပြုထားသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနတို့မှ သတ်မှတ် ထားသော စံသတ်မှတ်ချက်များအပေါ် မူတည်၍ ဆောင်ရွက်သွားရမည်ဟု ထုတ်ပြန်ထားသည်။ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွန့်စားအားကစား ခရီးသွားလုပ်ငန်း၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး အခြေခံခရီးသွားလုပ်ငန်း၊ မြစ်တွင်းနှင့် ရထားအပျော်စီး ခရီးသွားလုပ်ငန်း၊ ကုန်းတွင်း ယာဉ်တန်း နှင့် အဏ္ဏဝါခရီးသွားလုပ်ငန်း၊ MICE ခရီးသွားလုပ်ငန်းတို့ကို ဖွဲ့စည်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာစတင်တွေ့ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လနောက်ပိုင်းမှစ၍ ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
ငြိမ်းငြိမ်း