Skip to main content

မန်းပွဲကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ (၂၅၇) ဦးအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်

တောင်ကြီး     ဒီဇင်ဘာ   ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မန်းပွဲကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ(၂၅၇)ဦးအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) ပေးအပ်ခြင်းကို ယမန်နေ့ မွန်းတည့်(၁၂)နာရီက မန်းပွဲကျေးရွာအုပ်စု ရှဲန်ခိုက်ဘုရားကျောင်း၌ ကျင်းပခဲ့ သည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ပေးအပ်ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က လားရှိုးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း(၇၅)အုပ်စု၊ ကွင်းပေါင်း (၂၉၈)ကွင်း၊ တောင်သူပေါင်း (၁၀၁၆၁)ဦး၊ ဦးပိုင်ပေါင်း(၁၂၈၇၀)နှင့် ဧရိယာပေါင်း(၄၂၁၁၆)ဧကကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) ထုတ်ပေးရန် လျာထားလျက်ရှိရာ ယနေ့အချိန်ထိ တောင်သူပေါင်း (၉၉၆၆) ဦး၊ ဦးပိုင်ပေါင်း (၁၂၅၇၉)နှင့် ဧရိယာပေါင်း(၃၉၁၀၀)ဧက ထုတ်ပေးပြီး ဖြစ်သည့်အတွက် ရာနှုန်းပြည့်နီးပါး ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် လားရှိုးမြို့နယ်ရှိ မန်းပွဲကျေးရွာအုပ်စု၊ အိမ်ခြေ(၅၅၁)ခု၊ အိမ်ထောင်စု (၅၁၅)စု၊ လူဦးရေ(၂၉၅၂)ဦးမှ တောင်သူပေါင်း(၂၅၇) ဦး၊ ဦးပိုင် ပေါင်း(၃၉၂)ခုကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇)များ ပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က မန်းပွဲကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ(၂၅၇)ဦးအား လယ်ယာမြေ လုပ်ပိုင် ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပေးအပ်ကြပြီး ဒေသခံပြည်သူ ဦးထွန်းဆာမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)