ထားဝယ် ဒီဇင်ဘာ ၁၆
တတိယအကြိမ် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ယဉ်ကျေးမှုပြတိုက်ဝင်းအတွင်း၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက နိုင်ငံတော်အလံနှင့် ထားဝယ်အမျိုးသားအလံတို့အား အလေးပြုခဲ့ကြပြီး ပျော်ဘွယ် ဘုန်းတော်ကြီးကျောင်းမှ ပဓာနနာယက(ဉက္က) ဆရာတော် ဘဒ္ဒန္တဝိသုန္ဒရ က သြဝါဒကထာ စကားမြွတ်ကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ထားဝယ် အမျိုးသား ညီလာခံကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ထားဝယ်အမျိုးသားနေ့ကို သတ်မှတ်နိုင်ခဲ့ကြောင်း၊ ထားဝယ်အမျိုးသားနေ့ကို ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် တတိယအကြိမ်တိုင် ရောက်ရှိလာပြီဖြစ်ကြောင်း၊ ယခုနှစ်တွင် အမျိုးသားနေ့ အခမ်းအနား ကျင်းပမှုကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ တနင်္သာရီ တိုင်းဒေသကြီး အတွင်း နေရာ (၃၀) ကျော်အထိ ဖြန့်ကျက်ပြီးပြုလုပ်နိုင်ခြင်းသည် ထားဝယ် လူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဖော်ထုတ်ပြသ လိုက်ခြင်း ဖြစ်ကြောင်း၊ နောင်လာမည့် နှစ်များတွင်လည်း ဒီထက်မကသော အခင်းအကျင်းများဖြင့် အမျိုးသားနေ့ အခမ်းအနားများကို ကျင်းပနိုင်ပါစေကြောင်း ပြောကြားပြီး ထားဝယ်လူမျိုး စုစည်းမှုကော်မတီ ဦးစီးနာယက ဂုဏ်ထူးဆောင်ဉက္က ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) ဦးတင်မြက Video Conferencing ဖြင့် ထားဝယ်အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဉက္က ဦးတီခွန်မြတ်မှ ပေးပို့လာသောသဝဏ်လွှာအား တိုင်းဒေသကြီးလွှတ်တော်ဉက္က ဦးခင်မောင်အေးက လည်းကောင်း ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပေးပို့ လာသော သဝဏ်လွှာအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျကလည်းကောင်း၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်မှ ပေးပို့လာသော သဝဏ်လွှာအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာကလည်းကောင်း၊ ထားဝယ် အသင်း (မော်လမြိုင်) မှပေးပို့သော သဝဏ်လွှာအား အတွင်းရေးမှူး ဦးညွှန့်ဝင်းက လည်းကောင်း၊ ထားဝယ်လူမျိုးတိုးတက်ရေးအသင်း (ထိုင်းနိုင်ငံ) မှ ပေးပို့လာသော သဝဏ်လွှာအား ဒုတိယဉက္ကဦးကျော်လွင်ကလည်းကောင်း အသီးသီးဖတ်ကြား ခဲ့ကြသည်။
ထို့နောက် ထားဝယ်လူမျိုးစုစည်းမှုကော်မတီဉက္က ဦးအောင်မျိုးက ကျေးဇူးတင်စကား ပြောကြားပြီး ထားဝယ်အမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် အလှူငွေကျပ်(၁)သိန်းကို ထားဝယ်လူမျိုးစုစည်းမှု ကော်မတီနာယက ဦးအောင်မြင့်နှင့်ဇနီးတို့က ပေးအပ်ရာ နာယက ဦးထွန်းကြည်က လက်ခံယူပြီးဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ထားဝယ်အမျိုးသားနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ကူညီပေးသော တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး စုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်လတ်(IPRD)