ကျန်းမာကြံ့ခိုင်သော ပြည်သူပြည်သားများသည် မိမိ မိသားစုအကျိုးပြု မိမိနိုင်ငံအကျိုးပြုသည့် လူ့စွမ်းအား အရင်း အမြစ်များ ဖြစ်သည်။ ပြည်သူတို့ အနေဖြင့် ယခင်အခါက နိစ္စဓူဝ ဗာဟီရကိစ္စများဖြင့် ပြီးလွယ်စီးလွယ် နေထိုင် ခဲ့ကြသော်လည်း မျက်မှောက် ကာလမှစ၍ မိမိတို့ကျန်းမာရေးအတွက် မပေါ့မဆ မပျက်မကွက် သတိမူနေထိုင် ရတော့မည့် အခြေအနေဖြစ်သည်။ ကျန်းမာရေးကို သတိမူခြင်းသည် မိမိနှင့် မိမိတိုင်းပြည်အနာဂတ်အတွက် ရေရှည်ကောင်းကျိုးပြုနိုင်မည် ဖြစ်သည်။
မျက်မှောက်ကာလတွင် ကိုဗင်-၁၉ ရောဂါကြောင့် ပြည်သူများ ရောဂါကူးစက်မှုဖြစ်ပွားပြီး ထိခိုက်နစ်နာ ပျက်စီး မှုများနှင့် ကြုံတွေ့ နေရသည့်အပြင် လက်ရှိနှင့် အနာဂတ်ကာလတွင်လည်း မိမိတို့နှင့်တကွ နိုင်ငံအတွက်ပါ လူမှု စီးပွားနစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့ နေရပြီ ဖြစ်သည်။ တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ တစ်နှစ် ပတ်လည်နီးပါးသို့ပင် ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအများတွင် ရောဂါဖြစ်ပွားနှုန်းမှာ မြင့်မားနေဆဲ ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု အဆုံးသတ်မည့်နေ့သို့ ရောက်ရှိရန် ကမ္ဘာသူကမ္ဘာသား ပြည်သူအားလုံး လိုလားမျှော်လင့်နေကြသည်။
ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါသည် ယခင်ဖြစ်ပွားခဲ့သည့် ကူးစက်ရောဂါပုံစံများနှင့်မတူသော ကူးစက်ရောဂါ အသစ်အဆန်း တစ်မျိုးဖြစ်သည်။ ရောဂါ၏ဗီဇ၊ ရောဂါဖြစ်ပွားမှုနှင့် ထိန်းချုပ်နိုင်မည့်အခြေအနေများကို ကြိုတင် ခန့်မှန်းရန်မှာ မလွယ်ကူပေ။ ကျန်းမာရေးပညာရှင်များက ရောဂါ အနီးစပ်ဆုံး ဖြစ်နိုင်ခြေများကိုသာ ခန့်မှန်း တွက်ချက် အသိပေးနေရပြီး မည်သူမျှ အတိအကျ ပြောဆိုနိုင်ခြင်းမရှိပေ။ သေချာသည့်အချက်မှာ ရောဂါ ကူးစက် နိုင်ခြေ အနည်းဆုံးဖြစ်စေရန် ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း တိတိကျကျ လိုက်နာနေထိုင်သွားရေးပင် ဖြစ်သည်။
ဤအချက်မှန်ကန်သည်ကို ရောဂါဖြစ်ပွားနေသည့် နိုင်ငံ၊ ဒေသအခြေအနေများက ညွှန်းဆိုပြလျက် ရှိနေပါသည်။ ရောဂါ ကာကွယ်ရေးကို အတိအကျလိုက်နာသော နိုင်ငံ၊ ဒေသများ၌ ရောဂါကိုထိန်းချုပ်နိုင်ပြီး လိုက်နာမှု အားနည်းသော နိုင်ငံ၊ ဒေသများ၌ ရောဂါဖြစ်ပွားနှုန်း ဆက်လက် မြင့်မားနေသည်။ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ပိုးသည် ရောဂါပိုးရှိသူတစ်ဦး နှာချေ၊ ချောင်းဆိုး၊ စကားပြောဆိုရာမှတစ်ဆင့် လူ့ခန္ဓာကိုယ်ပြင်ပသို့ အစက်အမှုန် များအဖြစ် ထွက်ရှိလာပြီး အနီးပတ်ဝန်းကျင်သို့ အများအားဖြင့် သုံးပေမှ ခြောက်ပေအကွာအထိ ပျံ့နှံ့ရောက် ရှိသွားကာ အကာအကွယ် ပြုလုပ်ထားခြင်းမရှိသောလူ၏ မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့မှတစ်ဆင့် ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်ကူးစက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါသည် ကျန်းမာရေးကာကွယ်မှု စည်းမျဉ်းစည်းကမ်းများအား လိုက်နာမှ ရောဂါ ကူးစက်နိုင်ခြေ နည်းပါးပြီး ကိုယ်ခံအားကောင်းနေစေရန် ကျန်းမာစွာနေထိုင်ပြုမူလုပ်ကိုင်မှသာ ရောဂါ ကူးစက် မှုကို ခုခံနိုင်ရည်ရှိမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်နေခြင်းသည် ကျန်းမာရေးသတိများ၊ ကိုယ်ကျင့် တရား အသိများ လူတို့တွင် ပိုမိုတိုးပွားများပြား ကျင့်သုံး စေရန်အလို့ငှာ အချက်ပေးနေသလို ဖြစ်နေသည်။ မိမိတို့၏ဘဝ၊ မိမိတို့၏အနာဂတ်များ ပိုမို တိုးတက်ကောင်းမွန် လာစေရန်အတွက် ကျန်းမာရေးသတိ၊ ကိုယ်ကျင့်တရားနှင့် လူမှု ကျင့်ဝတ် စည်းကမ်းများ လိုက်သည့် အလေ့အထများတိုးပွားများပြားလာအောင် ကြိုးပမ်းအားထုတ် ကြရမည် ဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါသည် အလိုအလျောက် ပျောက်ကွယ် သွားလိမ့်မည်မဟုတ်ပေ။ ရောဂါဖြစ်ပြီးလျှင်လည်း နောက်တစ်ကြိမ် ပြန်ဖြစ်၊ မဖြစ် မည်သူမျှ အတိအကျ မပြောနိုင်ပေ။ ကာကွယ်ဆေးထိုးပြီးလျှင်လည်း မည်သည့် အချိန်ကာလအထိ တာရှည်ခံ နိုင်မည်ကိုလည်း မသိနိုင်သေးပေ။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အာမခံချက်မရှိသဖြင့် ရောဂါနှင့်အတူရှိနေစဉ် မိမိတို့နှင့် မိမိတို့နိုင်ငံအတွက် ကောင်းမွန်သော အနာဂတ်ကို ရေရှည်တည်ဆောက်နိုင်ရန်ကောင်းမွန်သော အမူအကျင့်များကို ကြိုးစား တည်ဆောက်၍ လမ်းညွှန်သော ကျန်းမာရေးအချက်များကို လေးစား လိုက်နာကြရပါမည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ကပ်ရောဂါသည် ဆက်လက်ရှိနေနိုင်မည်ဖြစ်သည့်အပြင် ကလိယုဂ် ဆုတ်ကပ် အခြေအနေ ကြောင့် မမျှော် မှန်းနိုင်သော ဘေးအန္တရာယ်များ တစ်မျိုးမဟုတ်တစ်မျိုး ရောက်ရှိလာနိုင်သဖြင့် ပြည်သူပြည် သားများ အနေဖြင့် မိမိတို့ တစ်ဦးချင်း အလိုက် ကိုယ်ကျင့်တရားများကို လိုက်နာစောင့်ထိန်းကြကာ ရောဂါဘေး အန္တရာယ် အမျိုးမျိုးတို့ကို ခံနိုင်ရည် ရှိစေရန်အတွက် ကျန်းမာကြံ့ခိုင်မှုကို အစဉ်အမြဲသတိပြု၍ နေ့စဉ်အကျိုးရှိရှိ ပြုမူနေထိုင်နိုင်ကြစေရန် အသိပေးနှိုးဆော်အပ်ပါသည်။ ။