Skip to main content

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု နှင့် အမျိုးသားစာပေဆုများချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

ရန်ကုန် - ဒီဇင်ဘာ  ၁၅  

၂၀၁၉  ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့်  အမျိုးသားစာပေဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်  ၉ နာရီခွဲတွင်   ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်  (UMFCCI) မင်္ဂလာခန်းမ ၌ ကိုဗစ်-၁၉ ကာကွယ်တားဆီရေးဆိုင်ရာလမ်းညွန်ချက် များနှင့်အညီ  ကျင်းပရာ နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့် ဗီဒီယို မိန့်ခွန်း ပြောကြားသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသား စာပေတစ်သက် တာဆုရ ဆရာကြီးများ၊ စာပေ ဆုရွေးချယ်ရေးကော်မတီဝင်များ၊ စာပေဆုလက်ခံရယူ ကြမည့် စာပေပညာရှင်များ၊  စာရေးဆရာ၊ ဆရာမကြီးများနှင့် ဖိတ်ကြား ထားသူများ    တက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာစာပေဆု ရရှိသူများ၏ မှတ်တမ်းဓာတ်ပုံများ ၊ ၂၀၁၉ ခုနှစ် အတွက် အမျိုးသားစာပေဆု ရရှိသူများ၏ မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်များ ၊ ၂၀၀၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အမျိုးသားစာပေ တစ်သက်တာစာပေဆုရ ရှိသူများ၏ ဓာတ်ပုံ များ ၊ ၂၀၀၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အမျိုးသားစာပေဆုရ စာအုပ်များ ခင်းကျင်းပြသ ထားမှုကို လှည့်လည်ကြည့်ရှု ကြသည်။

ရှေးဦးစွာ   နိုင်ငံတော်သမ္မတ  ဦးဝင်းမြင့်က     အမျိုးသားစာပေတစ်သက်တာဆု နှင့်  အမျိုးသားစာပေဆုချီးမြှင့်ပွဲအခမ်းအနားတွင်  Video ဖြင့်  မိန့်ခွန်းပြောကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က  အမှာစကားပြောကြား ရာတွင်     မိမိတို့ မြန်မာနိုင်ငံသည်  စာပေကို မြတ်နိုး တန်ဖိုးထားသော နိုင်ငံဖြစ်သည့် အလျောက် စာဆိုတော်ကြီးများကို အလေးအမြတ်ပြုသည့် အစဉ်အလာသည် ရှေးယခင် ကတည်းက ရှိခဲ့ပါကြောင်း၊ ၁၉၄၄ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၀၆ ခုနှစ်တွင် မြန်မာစာပေ ပညာရှင်များနှင့်  စာရေးဆရာ၊ ဆရာမကြီး များသည် နိုင်ငံတွင် နှစ်စဉ်စာဆိုတော်နေ့ အခမ်းအနားများ ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြပါကြောင်း၊  အဲဒီနှစ်မှ စတင်ကာ နတ် တော်လဆန်း(၁)ရက်နေ့ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ပြီး စာပေဆိုင်ရာပွဲလမ်း အခမ်းအနားမျိုးစုံ ဆင်ယင် ကျင်းပ ခဲ့ကြပါကြောင်း၊  ထိုအခမ်းအနားများထဲတွင်  သက်ကြီးဝါကြီး စာရေးဆရာကြီးများကို ငယ်ရွယ်သူ စာပေ စာသမားများက ကန်တော့ သည့်ပွဲများ၊  စာအုပ်စာပေပြပွဲ၊ စာပေပြိုင်ပွဲများ၊  စာပေဟောပြောပွဲ၊ စာပေ ဆွေးနွေးပွဲ များ၊ စာဆိုတော်ကြီးများကို ဂုဏ်ပြုပြီး စာရေးဆရာဆရာမများကိုယ်တိုင် ပါဝင်သရုပ် ဆောင်သည့် ပြဇာတ်များ ကပြကြခြင်းများ၊  စာဆိုတော်နေ့ အထိမ်း အမှတ် မဂ္ဂဇင်း၊ စာစောင်ထုတ်ဝေကြခြင်းများ စသဖြင့် ပါဝင်ပါကြောင်း။

စာပေဆုချီးမြှင့်ခြင်းများသည်လည်း မြန်မာနိုင်ငံတွင် ယခင်အစဉ်အဆက် ရှိခဲ့ပါ ကြောင်း၊  ယနေ့ ချီးမြှင့်မည့် အမျိုးသား စာပေ ဆုကတော့ အားလုံးသိကြသည့်အတိုင်း နိုင်ငံတော်တွင် အဆင့်အမြင့်ဆုံး စာပေဆုဖြစ်ပါကြောင်း၊  စာပေသမားများ သိကြသည့် အတိုင်း ဤဆုသည် ၁၉၄၈ ခုနှစ်မှ စတင်ပေါ်ပေါက်ခဲ့ပါကြောင်း၊  ၁၉၄၈ ခုနှစ် တစ်နှစ် တာအတွင်း ထွက်ရှိခဲ့သည့်  လုံးချင်း ဝတ္ထုများထဲမှ အကောင်းဆုံးအဖြစ် ရွေးချယ်ခဲ့သည့် ဆရာမင်းအောင်၏ မိုးအောက်မြေပြင်ဝတ္ထုကို “စာပေဗိမာန် ကာလပေါ် ဝတ္ထုဆု”အမည် ဖြင့် ချီးမြှင့်ခဲ့ပါကြောင်း၊  နောက်ပိုင်းတွင် ဆုအမည်ကို ယနေ့ အခေါ်အဝေါ်အနေဖြင့် “အမျိုးသားစာပေဆု”အဖြစ် သတ်မှတ်ခဲ့ပြီး ဆုအမျိုးအစားအရေအတွက်ကလည်း တိုး တက်လာသည့်အတွက် ယခုအခါတွင်   စာပေကဏ္ဍ ၁၈ မျိုးအတွက် ဆုများ သတ်မှတ် ထားရှိပြီး ဖြစ်ပါကြောင်း၊  ဤ  ကဏ္ဍ သို့မဟုတ် ဘာသာရပ် ၁၈ မျိုး ရှိသည့် အထဲမှ ယခု နှစ်တွင်  ၁၀ မျိုးအတွက် ချီးမြှင့်နိုင်မည် ဖြစ်ပါကြောင်း။

ဆုချီးမြှင့်ငွေကိုလည်း ၁၉၄၈ ခုနှစ်တွင် တစ်ထောင်ကျပ်ချီးမြှင့်ခဲ့ရာမှ နောက် ပိုင်းတွင် ကာလအလျှောက် တိုးမြှင့်ခဲ့ပြီး ယခုအခါတွင်  ကျပ်ငွေ ၂၅ သိန်းအထိ တိုးတက် ချီးမြှင့်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း။

ဘာသာရပ်အလိုက် အမျိုးသားစာပေဆုများအပြင် တစ်သက်တာလုံး စာပေဖန်တီး ပြုစုသည့်အလုပ်ကို စွဲမြဲစွာဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်ကြီးများကို လေးစားဂုဏ်ပြုသော အားဖြင့် အမျိုးသားစာပေ တစ်သက်တာဆုကိုလည်း ၂၀၀၁ ခုနှစ်မှ စပြီး ချီးမြှင့်ခဲ့သည်မှာ ယခုနှစ်အတွက် ဆရာကြီး နှစ်ဦးနှင့်ပါဆိုလျှင်   ဆရာကြီး၊ ဆရာမကြီး ၃၁ ဦးကို ချီးမြှင့် နိုင်ပြီဖြစ်ပါကြောင်း၊ တစ်သက်တာ စာပေ ဆုကို  ကျပ် သိန်း ၅၀ ချီးမြှင့်မည် ဖြစ်ပါ ကြောင်း။

အမျိုးသားစာပေဆုချီးမြှင့်ပွဲအခမ်းအနားများကို ဆု၏  ဂုဏ်အဆင့်အတန်းနှင့် လျော်ညီစွာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် နှစ်စဉ်စီစဉ် ဆောင်ရွက်ခဲ့ကြပါ ကြောင်း၊ စာပေပညာရှင်ကြီးများ၊ စာရေးဆရာဆရာမကြီးများ၏  ဂုဏ်ရည်ကို လေးစား သတ်မှတ် သည့် အနေဖြင့်  နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ စသည့် အကြီးအကဲ ပုဂ္ဂိုလ် များ ကိုယ်တိုင်လည်း တက်ရောက် ချီးမြှင့်ပေး ခဲ့ကြပါကြောင်း။  

သို့သော် ယခုနှစ်တွင်  တစ်ကမ္ဘာလုံး ကြုံတွေ့နေရသည့်  ကိုဗစ်-၁၉ ကပ်ရောဂါ အန္တရာယ်ကြောင့် စည်ကားသိုက်မြိုက်သည့် ပွဲလမ်း အခမ်းအနားများ ကျင်းပဖို့ရာ အင်မတန်ခက်ခဲလျက်ရှိပါကြောင်း၊  မြန်မာနိုင်ငံမှာရော၊ နိုင်ငံတကာမှာပါ ကြီးကျယ် စည်ကားစွာ ကျင်းပဖို့ ရည်ရွယ်ထားကြသည့် နေ့ကြီးရက်ကြီး ပွဲလမ်းအခမ်းအနား ကြီးများကို ဖျက်သိမ်းခြင်း၊ ရွှေ့ဆိုင်းခြင်း၊ အကျဉ်း ရုံးပြုလုပ်ကာ စတိ သဘောလောက် သာ အထိမ်းအမှတ်ပြုခြင်းများ လုပ်နေကြရပါကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်  နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အမျိုးသားစာပေဆု ချီးမြှင့်ပွဲအခမ်းအနားကို တစ်နှစ်ထက်တစ်နှစ် ပိုပြီး ခမ်းနားပြည့်စုံစွာ ကျင်းပလိုသည့် ဆန္ဒရှိပါကြောင်း၊ ဤအခမ်းအနားသည်  ဆုရပုဂ္ဂိုလ်ကြီးများအတွက်သာမက ဤ ဆုချီးမြှင့်ပွဲကို  စီစဉ်ကျင်းပခွင့်ရသည့် မိမိတို့ ဝန်ကြီးဌာနအတွက်ပါ ဂုဏ်ယူစရာ၊ အလေး အမြတ်ပြုစရာဟု ခံယူပါကြောင်း၊  ထို့ကြောင့် ယခုနှစ်တွင်လည်း တတ်နိုင်သမျှ အပြည့်စုံဆုံး ကျင်းပနိုင်ရန် ရည်ရွယ်ခဲ့ပါကြောင်း။

သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက် များကို လေးစားလိုက်နာရမှာဖြစ်သလို အခမ်း အနားတက်ရောက်ကြမည့် စာပေပညာ ရှင်ကြီးများ၊ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သော ဆရာကြီး၊ ဆရာမကြီးများ၏ ကျန်းမာရေးသည်လည်း အလွန်အရေးကြီးသည့်အတွက် မိမိတို့အနေဖြင့် ယနေ့ပွဲကို ဖြစ်နိုင်သမျှ အတိုင်းအတာအထိ တင့်တယ် ခမ်းနားမှုလည်း ရှိစေ၊ ဘေးအန္တရာယ်လည်း ကင်းစေဆိုသည့် ပုံသဏ္ဌာန်မျိုးဖြင့်  ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊  တကယ်တော့ ယနေ့ အခမ်းအနားကျင်းပရာမှာသာ မဟုတ်ဘဲ  ဆုစိစစ်ရွေးချယ်ရေးကော်မတီ၏  လုပ်ငန်းများ စတင်ဆောင် ရွက်စဉ်ကတည်းက ကိုဗစ်-၁၉ ၏ အကန့်အသတ်များ ရှိနေခဲ့တာဖြစ်၍  ကော်မတီအနေဖြင့်  အစည်းအဝေးများဖြစ်မြောက်ရန် ယခင်နှစ်များ ကထက် ပိုပြီးအားထုတ်ဆောင်ရွက်ခဲ့ရပါကြောင်း၊  ယနေ့မှာလည်း ဆုရွေးချယ်ရေး ကော်မတီဝင်များထဲမှာရော၊ စာပေဆုရပုဂ္ဂိုလ်ကြီးများထဲမှာပါ ကျန်းမာရေးနှင့် ခရီး သွားလာရေးဆိုင်ရာ အခြေအနေများကြောင့် အခမ်းအနား တက်ရောက်ရန် အခက်အခဲ ကြုံတွေ့နေရတာ ရှိပါကြောင်း၊ ဆုရပုဂ္ဂိုလ်ကြီးများထဲမှ ဘာသာပြန်(ရသ)ဆု ရရှိသည့် ဆရာစိန်ဝင်းစိန်သည်  စာအုပ်ထုတ်ဝေပြီးနောက် ကွယ်လွန်သွားခဲ့သည့်အတွက် အထူး ဝမ်းနည်းရပါသည်ဟု မှတ်တမ်းတင်အပ်ပါကြောင်း။

မည်သို့ပင်ဖြစ်စေ ယခုအခြေအနေများကြားကပဲ   ၁၃၈၂ ခုနှစ် နတ်တော်လဆန်း (၁)ရက် စာဆိုတော်နေ့ (၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက် ) တွင် အစဉ်အလာမပျက် ကျင်းပနိုင်ခဲ့သည့် ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုချီးမြှင့်ပွဲ အခမ်းအနား ကိုတော့ သက်ဆိုင်သူများအားလုံး အမှတ်တရ ဖြစ်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း။

ယနေ့ အမျိုးသားစာပေ တစ်သက်တာဆုရရှိကြသည့် ဆရာကြီး ဦးအံ့မောင်နှင့် ဆရာကြီး ဦးညွန့်မောင်(မောင်မောင်ညွန့်-မန်း တက္ကသိုလ်)တို့နှင့် တကွ ဘာသာရပ် ၁၀ မျိုးတွင် အမျိုးသားစာပေဆု အသီးသီးရရှိကြသည့် ဆရာ၊ ဆရာမကြီး ၁၀ ဦးတို့အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် သက်ရှည်ကျန်းမာပြီး နိုင်ငံ့အကျိုး၊ မြန်မာစာပေ အကျိုးအတွက် ပီပြင်ပြောင်မြောက်သည့် စာကောင်းပေမွန်များ ဆက်လက် ဖန်တီးရေး သားနိုင်ကြပါစေ ဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က  ၂၀၁၉ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆုရရှိကြသည့်   စာပေပညာရှင် ဆရာကြီး     ဦးညွန့် မောင် (မောင်မောင်ညွန့်-မန်းတက္ကသိုလ်) နှင့် စာရေးဆရာကြီးဦးအံ့မောင် (အံ့မောင်) (ကိုယ်စား)  ဦးသောင်းဌေး  တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ငါးဖမ်းသမား စာအုပ်ဖြင့် အမျိုးသားစာပေ ဝတ္ထုရှည်ဆုရ မိုးကျော်ဇင်  (ကိုယ်စား) မင်းဝေဟင် ၊ လမ်း ဆုံးတော့ရွာ    မဂ္ဂဇင်းဝတ္ထုရှည်များ စာအုပ်ဖြင့် အမျိုးသားစာပေ ဝတ္ထုတိုဆုရ နတ်မောက် အနီချို ၊ ခရုပစ်လောင်ချာ စာအုပ်ဖြင့်  အမျိုးသားစာပေ  ကဗျာဆုရ  ပန်ဒိုရာ၊ နှင်းတောင် တန်းက ပန်းဥယျာဉ် စာအုပ်ဖြင့် အမျိုးသားစာပေ စာပဒေသာဆုရ  ဉာဏ်ဝေ (မြစ်သာ မြေ) တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။    

  ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊  ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်း သားလူမျိုး ရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့က     ဂျဝါဟာ လားနေရူး၏ လျှပ်တစ်ပြက် ကမ္ဘာ့သမိုင်း စာအုပ်ဖြင့် အမျိုးသားစာပေ ဘာသာ ပြန် (သုတ)ဆုရ  ဘိုးလှိုင် ၊    ဝါဆောက ရုပ်သေး ဆရာလေး     စာအုပ်ဖြင့်    အမျိုးသားစာပေ ဘာသာပြန် (ရသ)ဆုရ စိန်ဝင်းစိန် (ကိုယ်စား) ဇနီးဖြစ်သူ ဒေါ်တိုးတိုး ဝင်း ၊  ၂၀ ရာစု မြန်မာကဗျာများ ပြောင်းလဲ ဖြစ်တည်လာပုံ စာအုပ် ဖြင့် အမျိုးသား စာပေ သုတပဒေသာ (ဝိဇ္ဇာ)ဆုရ ဒေါက်တာဇော်နိုင် (ကိုယ်စား) ဦးဝင်းချို ၊    ကင်ဆာရောဂါနှင့် မြန်မာ့ အစားအစာ စာအုပ်ဖြင့် အမျိုးသ ပေ သုတပဒေသာ (အသုံးချသိပ္ပံ)ဆုရ  ဒေါက်တာ လှကြည် (အာဟာရ ဆရာဝန်ကြီး) ၊   မြန်မာ့နိုင်ငံခြား ဆက်ဆံရေးများ စာအုပ်ဖြင့် အမျိုးသားစာပေ နိုင်ငံရေးစာပေဆုရ ဆင်ဖြူကျွန်းသန်းထွန်းနှင့် ဘုရားသခင်နဲ့ ကြွေအန် ကစားသူများ အက်ဆေး စုစည်းမှု စာအုပ်ဖြင့် အမျိုးသားစာပေရသစာတမ်း (အက်ဆေး) ဆုရ  မောင်ခိုင်လတ် တို့ကို ဆုများ ပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် စာပေဆုရရှိသူများ ကိုယ်စား  ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာစာပေဆုရရှိသည့်  စာပေ ပညာရှင် ဆရာကြီး     ဦးညွန့်မောင် (မောင်မောင် ညွန့်-မန်းတက္ကသိုလ်) က ကျေးဇူးတင်စကားပြောကြားရာတွင်     ယခုနှစ် စာပေ ဆုနှင်း သဘင် အခမ်းအနားတွင် ဆုရရှိသူများအားလုံး၏  ကိုယ်စား ကျေးဇူးတင်စကား ပြော ကြားခွင့်ရသည့်အတွက် ဝမ်းမြောက် မိပါကြောင်း။

မိမိကိုယ်တိုင် လေ့လာအားထုတ်ဖွဲ့ဆိုရေးသားခဲ့သည့်လက်ရာများကို ဆုချီးမြှင့် ခံကြရသူများအားလုံးလည်း မိမိနည်းတူ ဝမ်းမြောက်ဂုဏ်ယူနေကြမည်ဟု မျှော်လင့်သလို တက်ရောက်လာကြသူများကလည်း မုဒိတာပွားကြလိမ့်မည်ဟု ယုံကြည် မိပါကြောင်း။

မိမိအနေဖြင့်  စာပေများများ ရေးခဲ့သည့်သူ မဟုတ်ပါကြောင်း၊  အဲဒီလို စာများများ မရေးဘဲ ယခုလို တစ်သက်တာစာပေဆု ချီးမြှင့်ခြင်း ခံရသည့်အတွက် ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်လောက်အောင်ဖြစ်ပြီး အတိုင်းမသိ ဝမ်းသာကြည်နူးမိပါကြောင်း။

မိမိအခု အသက် ၉၁ နှစ်အရွယ် ဆည်းဆာချိန်မှာ ဘဝတစ်လျှောက်လုံး မိမိ ဝါသနာနှင့် မိမိကျွမ်းကျင်ရာ ဘာသာရပ်ကို တစိုက် မတ်မတ် ကြိုးစားအားထုတ်သည်ကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အတွက် ပီတိဖြစ်ရပါကြောင်း။

စာနယ်ဇင်းများထဲတွင်  မိမိက စာ  စတင်ရေးခဲ့သည်မှာ  ၁၉၆၆ ခုနှစ်လောက်က ဖြစ်ပါကြောင်း၊  လုပ်သားပြည်သူ့ နေ့စဉ် သတင်း စာတွင် ဆရာမောင်သိဒ္ဓိ၏  “ဖြင့်” သုံးမျိုး ဆောင်းပါး ပါလာသည့်အခါ နှစ်မျိုးက လွဲမှားနေသည့်အတွက် မိမိ၏ ဆရာက မင်း အဲဒီ “ ဖြင့်” သုံးမျိုးကို အမှန်ဖြစ်အောင် ဖြေရှင်းချက် ဆောင်းပါးရေးပါလားလို့ တိုက်တွန်းခြင်း ကြောင့် “အမှန်ဖြစ်စေချင်သော ‘ဖြင့်’နှစ်မျိုး ”ခေါင်းစဉ်ဖြင့် လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးထည့်လိုက်သည်မှစပြီး မိမိ၏  စာရေးသူ ဘဝ စတင်ခဲ့ ခြင်းဖြစ်ပါ ကြောင်း၊ အဲဒီအချိန်မှစပြီး ယခုအချိန်အထိ စာပေဘဝခရီးတစ်လျှောက် စာရေးခြင်း၊ သုတေသနပြုခြင်းနှင့် အထူးသဖြင့် မြန်မာ့ ရှေးဟောင်းကျမ်းစာပေများကို အထူးလေ့လာ စုဆောင်းပြီး ရေးသားခဲ့ပါကြောင်း၊  ရေးသားခဲ့သည့် စာမူများထဲတွင်  ပခုက္ကူ ဦးအုံးဖေ ကျမ်းစာမူဆု ၄ ကြိမ်၊ ထွန်းဖောင်ဒေးရှင်းစာပေဆု တစ်ကြိမ် ရရှိခဲ့ပါ ကြောင်း၊ အခုအထိလည်း အကြောင်းသင့်လျှင် သင့်သလို စာပေများ ရေးသားလျက် ရှိပါ ကြောင်း။

ယခုနှစ် မိမိနှင့် အတူ တစ်သက်တာစာပေဆုရရှိသည့် စာရေးဆရာကြီး ဦးအံ့မောင် မှာ  မုံရွာတွင် နေထိုင်သဖြင့် အခမ်းအနား တက်ရန် ကြိုးစားပြီးမှ မတက်ရောက်နိုင်ခဲ့ပါ ကြောင်း၊ ယခုနှစ် တစ်သက်တာစာပေဆုရ ပညာရှင်နှစ်ဦးတွင်  တစ်ဦးက ရသစာပေ များကို တစ်ဘဝလုံး ရေးသားခဲ့သူဖြစ်ပြီး တစ်ဦးကတော့ သုတစာပေများကို ရေးသားခဲ့ သူ ဖြစ်သည့်အတွက် ထူးခြားသည်ဟုလည်း ဆိုနိုင်ပါကြောင်း။

မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးတွင်  သုတ၊ ရသ နှစ်ဖြာ အရေးကြီးသည့်အတွက် ယင်း ကဏ္ဍနှစ်ခုစလုံးကို ဖွံ့ဖြိုးရန် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ မိမိ တို့ တာဝန်များ ကို လက်ဆင့်ကမ်းယူမည့် မျိုးဆက်သစ်များကိုလည်း လှိုက်လှဲစွာ ကြိုဆိုပါကြောင်း။

အထူးသဖြင့် မျိုးဆက်သစ်များအတွက် မေတ္တာရပ်ခံချင်သည်မှာ  မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော မပပျောက် စေရန်အတွက် ရှေးဟောင်းစာပေ များကို ဖတ်ရှုကြပါ၊  လေ့လာသုတေသန ပြုကြပါ၊  စာအုပ်စာပေအဖြစ် ထုတ်ဝေကြပါဟု အကြံပြုချင်ပါကြောင်း။

ရှေးဟောင်းစာပေများကို ရေးသားရန်အတွက်ကတော့ ရှေးက ထွက်ရှိခဲ့ပြီးဖြစ် သည့် ရှေးဟောင်းစာပေများဖြစ်သော ပုဂံ ဝန်ထောက်မင်း ဦးတင်၏  “မြန်မာမင်း အုပ်ချုပ်ပုံ” စာတမ်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏  “သခင်ဋီကာ” ၊ “မှာတော်ပုံ” ဝတ္ထု စသည့် ဂန္ထဝင်စာပေများကို များများ ဖတ်စေချင်ပါကြောင်း၊  ဖတ်ပြီးသည့်အထဲမှ ကောင်းနိုးရာရာ ဗဟုသုတတွေ့လျှင် ကိုယ့်မှတ် စုစာအုပ်ထဲမှာ တစ်ခါတည်း ကူးယူထား စေချင်ပါကြောင်း၊ ထိုမှ  စာအုပ်စာပေများ ထုတ်ဝေရန်  တစ်ဆင့်တက်ပြီး ဆက်လက် ကြိုး စားကြစေချင်ပါကြောင်း။

လက်ရှိစာပေလောကအခြေအနေကို မိမိမြင်သလောက် ပြောရမည်ဆိုလျှင်   ငယ် စဉ် နဂါးနီခေတ်ကလို စာကောင်းပေမွန်များ အထွက်နည်းလာသည်ဟု မြင်မိပါကြောင်း၊  စာပေအရည်အသွေးလည်း ကျလာသည်ဟု  မြင်ပါကြောင်း၊  နိုင်ငံတော်အနေဖြင့် စာပေ လောကကို မြှင့်တင်ပေးချင်သည်ဆိုလျှင် နှစ်စဉ်ကဗျာစာပေပြိုင်ပွဲ၊ ဝတ္ထုတိုရှည်ပြိုင်ပွဲ၊ ကျမ်းစာပေပြိုင်ပွဲများကို ကျင်းပပေးပြီး ယခုထက် ထိုက်ထိုက်တန်တန် ဆုချီးမြှင့် သင့် ပါကြောင်း၊  စာမူသာရှိပြီး စာအုပ်မထုတ်ဝေနိုင်သည့် စာမူမျိုးကိုလည်း ထုတ်ဝေ နိုင်အောင် ကူညီပေးသင့်သည်ဟု ကြုံကြိုက်တုန်း အကြံပြုချင်ပါကြောင်း။

နိုင်ငံတော်၌  စာကြည့်တိုက်များ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးကြိုးစားစား ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရသည်မှာ  စာကြည့် တိုက် ပညာရှင်တစ်ဦးအနေဖြင့် ဝမ်းသာကြည်နူးရပါကြောင်း၊  ဆက်လက်ပြီး စာကြည့်တိုက်ပညာရှင်များ ၊ စာပေ ချစ်မြတ်နိုး သူများ၊ ပုဂ္ဂလိက စေတနာရှင်များ ပါဝင်ပြီး နိုင်ငံတွင်  စာဖတ်သူများ တိုးပွားအောင် လုပ်ဆောင်နိုင်ကြပါစေဟု ဆန္ဒပြုပါကြောင်း။

ယခုနှစ် အမျိုးသားစာပေဆုရရှိသူများ၏ လက်ရာများကို ပြန်ကြည့်လျှင် အတိတ် ကာလကို ဖော်ထုတ်တင်ပြသည့် စာအုပ်များ ပါသလို ပစ္စုပ္ပန်ကာလ၏ သရုပ်မှန် အတွေးအမြင်များကို ဖော်ကျူးသည့်စာအုပ်များလည်း ပါဝင်ပါကြောင်း၊  အနာဂတ်ကို မျှော်မှန်း ဆင်ခြင်သည့်စာအုပ်များလည်း ပါသည့်အတွက် ဆုရရှိသူအားလုံးသည် ထိုက် တန်စွာ ဆုချီးမြှင့်ခံရသူများဖြစ်ကြောင်း ဂုဏ်ယူစွာ ဖော်ပြလိုပါကြောင်း။

ဖြည့်စွက်ပြောချင်သည်မှာ  အိုမင်းမစွမ်းဖြစ်နေသည့် စာပေအနုပညာရှင်များ၊ သက်ကြီးစာရေးဆရာကြီးများကို ထောက်ပံ့ရန် စာပေ ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး အိုမင်းမစွမ်းရှိသူ၊ ရောဂါဝေဒနာခံစားနေရသူ စာပေသမားစာရေးဆရာများကို ထိုက် ထိုက်တန်တန် ထောက်ပံ့ကူညီပေးနိုင်မည်ဆိုလျှင်  လူသာဓုခေါ် ၊ နတ်သာဓု ခေါ်လိမ့် မည်ဟု  အကြံပြုလိုပါကြောင်း။

စာပေနှင့် စာနယ်ဇင်းဆိုင်ရာ အဖွဲ့အစည်း အသီးသီးသည်  ညီညွတ်စွာဖြင့် နိုင်ငံတော်နှင့် ပူးပေါင်းပြီး မြန်မာစာပေအဆင့်အတန်း မြင့်မားရေးကို ဆောင်ရွက်ကြ သလို ချို့တဲ့သက်ကြီးစာပေပညာရှင်ကြီးများ၏  ဘဝနောင်ရေးစိတ်အေးချမ်းသာ ဖြစ် သည်ကိုလည်း မြင်လိုလှပါကြောင်း ပြောကြားသည်။

 ထို့နောက် စာပေဆုရရှိသူများကိုယ်စား အမျိုးသားစာပေ  ဝတ္တုတိုဆုရ ဆရာမကြီး နတ်မောက်အနီချိုက ကျေးဇူးတင်စကား ပြောကြားရာတွင်    ယခုလို နိုင်ငံတော်၏ အထင် ကရ ပွဲတွေထဲမှ စာပေအနုပညာပွဲ တစ်ခုဖြစ်သည့် အမျိုးသားစာပေဆုနှင်း သဘင်ပွဲတွင် စာပေဆုရရှိသူများကိုယ်စား ကျေးဇူးတင်စကား ပြောခွင့်ရသည့် အတွက် အထူးပင်ကျေးဇူး တင်ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကားဆိုချင်ပါကြောင်း၊

 လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်ကတည်းက စာပေဗိမာန်က စတင်ချီးမြှင့်ခဲ့သည့် ဝတ္ထုရှည်ဆုပေးပွဲက စမည်ဆိုလျှင် ဒီနှစ် ဆုပေးပွဲသည်  စာပေအနုပညာရှင်များကို ဂုဏ်ပြု ချီးမြှင့်သည့် (၇၂) ကြိမ်မြောက်ပွဲဖြစ် ပါကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေခဲ့ သည့် စာအုပ်များထဲမှ ဆန်ခါတင်ရွေးချယ်ပြီး အသင့်တော်ဆုံး သတ်မှတ်ဆုပေးတာ ဖြစ်၍ ဆုရသူတစ်ဉီးအနေဖြင့် လေးလေး စားစားတန်ဖိုးထား ဂုဏ်ယူမိပါကြောင်း၊ မိမိနည်းတူ ဆုလက်ခံရရှိသူအပေါင်းကလည်း ဂုဏ်ယူဝမ်းသာ နေကြမည်ဖြစ်ပါကြောင်း။

တကယ်တော့ စာပေပညာရှင်များထဲတွင် အစဉ်အဆက် ဆုရလာခဲ့သည့် စာရင်း ဇယားကို ကြည့်မည်ဆိုလျှင် မိမိတို့ အမျိုးသမီး များက လူနည်းစုသာ ဖြစ်ပါကြောင်း၊ ဒီလူနည်းစုကလည်း ကဗျာနှင့် ဝတ္ထုတို၊ ဝတ္ထုရှည်ရေးသားတာမှာ ပိုပြီး မွေ့လျော်သည့် သူတွေ ဖြစ်နေကြပါကြောင်း၊ သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုအနုပညာဆိုင်ရာစာပေနှင့် သုတေသနလုပ်ငန်း၊ အသုံးချသိပ္ပံ၊ ဘာသာပြန် ကဏ္ဍ၊ နိုင်ငံရေးစာပေများတွင် မိမိတို့ အမျိုးသမီးများ၏ လှုပ်ရှားမှုပိုင်း၊ ရေးသားသည့်အပိုင်းသည် သိပ်ကို အားနည်းနေပါ သေးကြောင်း၊ တစ်ယောက်ကောင်း၊ နှစ်ယောက်ကောင်းလောက်သာ ရှိတယ်လို့ ဆိုနိုင်ပါ ကြောင်း၊ စစ်မဖြစ်ခင်နှင့် စစ်ပြီးခေတ် ကာလကို ကြည့်မည်ဆိုလျှင် ဒေါ်ဒဂုန်ခင်ခင် လေး တို့လို ပုဂ္ဂိုလ်မျိုးတွေ၊ ကိုယ်တိုင် အင်မတန် ထက်မြက် ထွန်းတောက်ရုံသာမက အမျိုးသမီး ကဏ္ဍကြီးတစ်ခုလုံးကို မြှင့်တင်ပေးဖို့အတွက် ယုဝတီဂျာနယ်ကို ထူထောင် ခဲ့ပြီး   အမျိုးသမီးများ၏ စာပေမျိုးစေ့ကို ချပေးခဲ့ သည့်သူ၊ ဒါ့အပြင် အမျိုးသမီးများ အတွက် ထောင့်စုံအောင် ရေးသားပြီး နည်းပေးလမ်းပြလုပ်ပေးသည့်ပုဂ္ဂိုလ်မျိုးတွေ ရှိခဲ့ပါ ကြောင်း၊ ထို့ပြင် ဒေါ်ခင်မျိုးချစ်တို့လို အင်္ဂလိပ် ၊ မြန်မာနှစ်ဘာသာစလုံးကို ကောင်း ကောင်းမွန်မွန် ကျေကျေလည်လည်ရေးသားပြီး နိုင်ငံခြားစာပေမှာပါ  ပေါက်ရောက်သည့် အမျိုးသမီးများ ရှိခဲ့ပါကြောင်း၊ နောက် လူထုဒေါ်အမာ တို့လို သတင်းစာလောကရော၊ အတ္ထုပ္ပတ္တိစာပေ ရေးသားရာမှာပါ  လှလှပပ၊ ကျစ်ကျစ်လျစ်လျစ်ဖြင့် စွဲလန်းစရာဖြစ်‌အောင် ရေးသား ထားတဲ့ပုဂ္ဂိုလ်မျိုးတွေ ရှိပါကြောင်း၊ နောက် ဒေါ်စောမုံညင်းတို့လို မြန်မာ မှုအနုပညာနှင့် ပတ်သက်လို့ ထဲထဲဝင်ဝင်ရေးသားထားတဲ့ ပညာရှင်များ ရှိပါကြောင်း၊ ဒေါ်ကြန်တို့လို သမိုင်းအခြေခံသည့် ၊ သမိုင်းကြောင်းနောက်ခံနှင့်၊ သမိုင်းနှင့် ပတ်သက် သည့် သုတေသန လုပ်ငန်း တွေရော၊ သမိုင်းကြောင်းကိုရော သေသေချာချာ ကျစ်ကျစ်လျစ်လျစ် ရေးသားနိုင် သည့် ပညာရှင်မျိုးတွေ ရှိပါကြောင်း၊ အဲဒီလို နေရာမျိုးတွေကို မိမိတို့ လူငယ်တွေထဲက အများကြီး  အစားဝင်နိုင်အောင် ကြိုးစားကြစေချင်ပါကြောင်း။

နောက်တစ်ခါ တိုင်းရင်းမေခေတ်ဟု ပြောရလောက်အောင် စစ်ပြီးခေတ်၏ နောက် ပိုင်းမှာ ဆိုလျှင် သမီးပျိုရှိသည့် မိဘတိုင်း မှန်သမျှသည် တိုင်းရင်းမေကို ဝယ်ပြီး တစ်ခါ တည်း  သမီးများကို ပေးပြီး ဖတ်ကြသည်အထိ အောင်မြင်ကျော်ကြားခဲ့သည့် ဂျာနယ် ခေတ် ၊ အမျိုးသမီးများ၏ လုပ်အားသက်သက်ဖြင့် ဖွဲ့စည်းအုပ်ချုပ် စီမံရေးသားထုတ်ဝေ သည့်၊ ထွန်းပေါက်ခဲ့သည့်ခေတ်လည်း ရှိခဲ့ဖူးပါကြောင်း၊  ယခုခေတ်တွင်တော့ အဲဒီ လောက်အထိ ထွန်းပေါက်နိုင်သည့်သူ မရှိသည်မှာ ခေတ်အခြေအနေကြောင့်ရော၊ တခြား အကြောင်းရင်းမျိုးစုံကြောင့်လို့ပဲ ပြောရမည်ဖြစ်ပါကြောင်း၊ ဒါပေမယ့် ဒီကြားထဲကပဲ ကြည့်မည်ဆိုလျှင် အမျိုးသမီး စာရေး သူ၏ အင်အားများက လျော့ပါးမသွားဘဲ တိုးပွား နေတာကို တွေ့ရပါကြောင်း၊ အဲဒီတိုးပွားနေသည့် အမျိုးသမီး စာရေး သူများကို အမျိုးသား လောကကလည်း ၊ အမျိုးသားစာပေပညာရှင်များကလည်း တစ်ခါမျှ ခွဲခြားပြီး ဆက်ဆံ ဖူးတာ မရှိပါကြောင်း၊ မိမိတို့၏ မြန်မာစာပေလောကကို ကြည့်မည်ဆိုလျှင် အမျိုးသားနှင့် အမျိုးသမီးသည် တန်းခွဲတာမျိုး၊ နှိမ်ချပြီး ဆက်ဆံတာမျိုး တစ်ခါမျှ မရှိခဲ့ဖူးပါကြောင်း၊ အဲဒီလို ပံ့ပိုးမည့် သူများ၊ ကူညီမည့်သူများ ရှိနေချိန်တွင် ယခင်ပညာရှင်တွေကို မမီရင် တောင်မှ ယိုးစွဲ နီးပါးလောက် မလိုက်နိုင်ရင်တော့ မိမိတို့အမျိုးသမီးစာပေပညာရှင်များ ညံ့နေသေးသည်ဟု ဆိုရမှာဖြစ်ပါကြောင်း။

အခုခေတ်လိုမျိုး အမျိုးသားစာပေဆုမှာရော၊ ကလောင်သစ်များကို မြေတောင် မြှောက်ပေးနေသည့် စာပေဗိမာန်စာမူဆုတွေမှာပါ ဆုအမျိုးမျိုး ထပ်တိုး၊  ဆုငွေများ လည်း တိုးပြီး ချီးမြှင့်သည်မှာ အားတက်စရာ ဖြစ်ပါကြောင်း၊ ထုတ်ဝေသည့် စာပေများ တွင်လည်း ဟိုတစ်ခေတ်ကတော့ ချစ်တီးခေါင်းသန်းရှာသလိုမျိုး ရမယ်ရှာပြီး ဟိုစာ ကြောင်းပယ် ၊ ဒီစာပိုဒ်ဖြုတ် ၊ မကျေနပ်ရင် ငွေမင်ပိတ်၊ သဘောမကျရင် စာတစ်ပိုဒ်လုံး မဂ္ဂဇင်းက အဆုတ်ခံရ၊ စာအုပ်အပိတ်ခံရအဖြစ်မျိုးတွေ နဲ့ တိုးတက်တဲ့ စာပေကင်ပေ တိုင်လို့ ခေါ်တဲ့ စာပေစိစစ်ရေးလည်း မရှိတော့ပါကြောင်း၊ စာပေ လွတ်လပ်ခွင့်များ အများ ကြီး  ရလာသည့်အတွက် ဘက်စုံနယ်စုံ နယ်နိမိတ် ကျယ်ကျယ်ဝန်း ဝန်း အကြောင်း အရာစုံ စာတွေထွက်လာတာ တွေ့ရပါကြောင်း၊ အဲဒီလို နေရာများတွင် အမျိုး သား ပညာ ရှင်တွေက ခြေလှမ်းကြဲကြီးများဖြင့် တစ်ရှိန်ထိုး ချီတက်နေကြသလို ဖြစ်နေပါ ကြောင်း၊ မိမိတို့က အမျိုးသား ပညာရှင်များ ထိုက်ထိုက်တန်တန် နှင့် ဆုယူသွားသည့်  အဲဒီ လို နယ်ပယ်မျိုးတွေကိုလည်း မိမိတို့အမျိုးသမီးများအနေဖြင့် တည့်တည့် မကြည့် ရဲလျှင် တောင် နည်းနည်းလေး မျက်စောင်းလေးထိုးပြီး အားကျဖို့ သင့်ပြီလို့ ထင်ပါကြောင်း၊ ကဗျာလေးတေွ၊ ဝတ္ထုတို ရှည်လေးတွေ ရေးတဲ့ခွင်လောက်နဲ့ ကျေနပ်နေဖို့ မသင့်ပါ ကြောင်း။

တစ်ခါ ဒီနှစ်ဆုချီးမြှင့်ခံရတဲ့သူတွေထဲမှာ ထူးထူးခြားခြား တော်တဲ့လူငယ်လေးတွေ ဆုရွေး ချယ်ခံရတဲ့အထဲမှာ  ပါလာတာကိုလည်း ဝမ်းသာမိပါကြောင်း၊ အထူးသဖြင့် ဝတ္ထု ရှည်ဆုနှင့် စာပဒေသာဆုရသည့် စာအုပ်များကို ဖတ်မိသူမှန်သမျှ  ချီးကျူးပြီး အမှတ်တရ ပြောကြတာမို့ ရေးသားသည့် လူငယ်တွေကိုယ်စား ပီတိဖြာမိပါကြောင်း၊ ဒီလို စာကောင်း စာမွန်မျာကို ရွေးချယ်ဆုပေးနိုင်သည့် ခေတ်နဲ့အခြေအနေအရပ်ရပ်အတွက်လည်း ကျေးဇူး တင် မိပါကြောင်း။

ဆုရသူအားလုံးလိုလိုဆီက တူညီသည့် စကားသံများကို ကြားရပါကြောင်း၊ ဆရာ ဆင်ဖြူ ကျွန်း သန်းထွန်းပြောသလို တစ်ခုခုကို‌ မျှော်လင့်ပြီး ရေးသည့်စာမဟုတ်ပေမယ့် အသိအမှတ် ပြုခံရ တော့ စာဆက်ရေးဖို့ အင်အား ဖြစ်တယ်ဆိုတာ မှန်သော သစ္စာ စကားဖြစ်ပါကြောင်း၊ ဆရာဘိုးလှိုင် ပြောသလို ကိုယ်ကျိုးစီးပွား၊ ထင်ပေါ် ကျော်စောလိုမှုအတွက်ထက် အများဖတ်သင့်လို့ ဖတ်စေချင်တဲ့ စာမျိုးကိုရေးတာပါဆိုတဲ့ စေတနာက အဓိက ဖြစ်ပါကြောင်း၊ နာဂတိုင်းရင်းသားတွေရဲ့ဒေသ၊ လူနေမှုဘဝ အကြောင်း ရေးသားပြီး စာပဒေသာဆုရသည့် ဆရာဉာဏ်ဝေ (မြစ်သာမြေ) စကားထဲ ကလို နိုင်ငံတော်က ပေးသည့်ဆုသည်  ဆုယူသည့် သူတစ်ယောက်တည်းအတွက် မဟုတ် ပါကြောင်း၊    အားလုံးအတွက် ဂုဏ်ပြုတယ်လို့ ခံယူပါတယ်ဆိုတာလေးကို ကိုးကားရင်း ဆုရရှိသူ အားလုံး ကိုယ်စား နိုင်ငံတော်သမ္မတကြီးနှင့်တစ်ကွ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသား စာပေ ဆုစိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့များနှင့် ကြွရောက် လာသည့် ဧည့်သည်တော်အပေါင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြားသည်။

အခမ်းအနားအပြီးတွင်  ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့် ၊ ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများသည်   အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုရ စာပေ ပညာရှင်ကြီးများနှင့်အတူ  စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ သည်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာ စာပေအကျိုးကို ထူးချွန်ပြောင် မြောက်စွာ  တစ်သက် တာလုံး  အားထုတ် ရေးသားပြုစုခဲ့သော  ဆောင်ရွက်ချက်များကို  နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာ ရှင်များနှင့် ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး လောကမှ အတွေ့အကြုံရှိသူ များ  ပါဝင်သော ပုဂ္ဂိုလ်  ၅၄  ဦးဖြင့် ဖွဲ့စည်းကာ  သက်ဆိုင်ရာ ဘာသာရပ် အလိုက်    ပဏာမအဆင့်၊ ဆန်ခါ တင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့် သုံးဆင့် ဖြင့် အမျိုးသားစာပေဆုများကို စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ယခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ ၊ အမျိုးသား စာပေ ဆုများကို    တစ်ဆုလျှင်  ငွေကျပ်  ၂၅  သိန်း    ချီးမြှင့်ခဲ့ကြောင်း  သိရ သည်။

 အမျိုးသားစာပေ တစ်သက်တာဆုများကို  ၂၀၀၁ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ရာ ယခု နှစ်အတွက် စာပေပညာရှင်နှစ်ဦး   အပါ အဝင် စာပေ ပညာရှင်  ၃၁ ဦးကို ချီးမြှင့်နိုင် ခဲ့ပြီဖြစ် သည်။   

(သတင်းစဉ်)