ရန်ကုန် ဒီဇင်ဘာ ၁၄
ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် ပြည်တွင်းလေကြောင်းလိုင်းများ ဖွင့်လှစ်သွား ရန်လျာထားကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်းမှ သိရသည်။
ထို့ကြောင့် ပြည်တွင်းလေကြောင်းလိုင်းများနှင့် လေဆိပ်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်မည့် လေကြောင်းလိုင်း ဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် ခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် အညီ ဒီဇင်ဘာ ၁၆ ရက်မှ စတင်၍ ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် အကြောင်းကြားခဲ့သည်။ ထိုစံသတ်မှတ်ချက် များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်သည့်အခါတွင် အချိန်နှင့် တစ်ပြေးညီ ဆက်လက်ပေးပို့သွားမည်ဖြစ် ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ အဲကေဘီဇက်၊ ရွှေမြန်မာလေကြောင်းနှင့် မန်းရတနာပုံ လေကြောင်းတို့သည် ဒီဇင်ဘာ ၁၆ ရက်မှ စတင်၍ ရန်ကုန်၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊ မန္တလေး၊ ကျိုင်းတုံ၊ တာချီလိတ်၊ ဟဲဟိုး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ မြစ်ကြီးနား၊ ပူတာအို၊ ကလေး၊ လွိုင်ကော်နှင့် နေပြည်တော် တို့တွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး အဲသံလွင်လေကြောင်းမှာ ဒီဇင်ဘာ ၃၀ ရက်မှ စ၍ ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မြင့်မောင်