ရန်ကုန် ဒီဇင်ဘာ ၁၁
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့အစည်း (ယူနက်စကို) မြန်မာရုံးတို့ ပူးပေါင်း၍သတင်းထောက်များ ဘေးကင်းလုံခြုံရေး- ကြောက်ရွံ့မှုနဲ့ ဘက်လိုက်မှုကင်းတဲ့ သတင်းအတတ်ပညာကို ကျင့်သုံးရေး စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီမှ ၁၂ နာရီ အထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပသည်။
စကားဝိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဒုတိယဥက္ကဋ္ဌ (၂) ဦးကျော်နိုင် (ထက်မြက်)နှင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (ယူနက်စကို)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Min Jeong Kim တို့က အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားပြီး ယူနက်စကိုမှ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရာရှိ ဒေါ်နိုင်နိုင်အေး က စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဦးဆောင်ဆွေးနွေးသူများအဖြစ် ဦးဟန်ညွန့် (အဖွဲ့ဝင်၊ မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်)၊ ဦးညိုထွန်း (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး)၊ ဒေါက်တာဒေါ်ဇင်မာကျော် (ပါမောက္ခ/ဌာနမှူး၊ သတင်းအတတ် ပညာဌာန၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီ ကောလိပ်)၊ ဒေါ်အိအိတိုးလွင် (ရွေးကောက်ပွဲဆိုင်ရာ သတင်းထောက်ချုပ် - Frontier Myanmar) တို့က ပါဝင်ဆွေးနွေးကြပြီး ဆွေးနွေးပွဲ ညှိနှိုင်းရေးမှူးအဖြစ် ဦးကျော်စွာမင်း (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ) က ဆောင်ရွက်သည်။
ယင်းနောက် တက်ရောက်လာသည့် သတင်းမီဒီယာများက မေးခွန်းများကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများနှင့် ဆွေးနွေးပွဲညှိနှိုင်းရေးမှူးတို့က ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယခုကျင်းပခဲ့သည့် စကားဝိုင်းဆွေးနွေးပွဲသည် အရေးပါသော နိုင်ငံတကာ အထိမ်းအမှတ်နေ့ သုံးခုဖြစ်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (မေ ၃ ရက်)၊ သတင်းထောက်များအပေါ် ကျူးလွန်သော ပြစ်မှုများအတွက် ပြစ်ဒဏ်မှ ကင်းလွတ်ခြင်းမရှိစေရေး နိုင်ငံတကာနေ့ (နိုဝင်ဘာ ၂ ရက်) နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ (နိုဝင်ဘာ ၁၀ ရက်) တို့ကို စုပေါင်းကာ three-in-one event အဖြစ် ကျင်းပခြင်းဖြစ်သည်။
ကျော်စွာမင်း