Skip to main content

သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကျင်းပမည်

နေပြည်တော် ဒီဇင်ဘာ ၁၁

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၃၂) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ဒီဇင်ဘာ (၂၂) ရက်မှ (၂၃) ရက်အထိ (၂) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစာတမ်းဖတ်ပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများနှင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်တို့မှ  စာတမ်း (၅၂) စောင်အား တင်သွင်းဖတ်ကြား သွားမည်ဖြစ်ကြောင်း၊  သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင် ဆိုင်ရာ သုတေသန တွေ့ရှိချက်များအား တင်ပြနိုင်ရန်၊ ပညာရပ်ဆိုင်ရာ အသိအမြင်များ ဆွေးနွေး ဖလှယ်နိုင်ရန်နှင့် ဆက်လက်ဆောင်ရွက်မည့် သုတေသန လုပ်ငန်းများအတွက် အကြံပြုချက်များ ရယူနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သုတေသန စာတမ်းဖတ်ပွဲများကို ၁၉၇၈ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ၂၀၁၉ ခုနှစ်အထိ (၄၁) နှစ် ကာလအတွင်း သုတေသနစာတမ်း ဖတ်ပွဲများကို နှစ်စဉ်နီးပါးကျင်းပခဲ့ရာ သုတေသန စာတမ်း ပေါင်း (၄၂၀) ကို ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်သည်။  သုတေသနစာတမ်းဖတ်ပွဲကို  (parallel session) သုံးခုခွဲ၍ တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပြီး Session 1 အစီအစဉ်တွင် သစ်တော စိုက်ပျိုး ပြုစုခြင်းနှင့် စီမံအုပ်ချုပ်ခြင်းဆိုင်ရာ စာတမ်းများကိုလည်းကောင်း၊ Session 2 အစီအစဉ် တွင် ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်နှင့် ကာဗွန် အရင်းအမြစ်များ၊ ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ လေ့လာခြင်း၊ သစ်အသုံးချခြင်းဆိုင်ရာ စာတမ်းများကိုလည်းကောင်း၊   Session 3 အစီအစဉ်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သတ္တုကဏ္ဍဆိုင်ရာ သုတေသန စာတမ်းများ ကိုလည်းကောင်း တင်သွင်း ဖတ်ကြားမည်ဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသူ မည်သူမဆို မိမိတို့ စိတ်ဝင်စားသည့် Session များသို့ တက်ရောက် ဆွေးနွေးနိုင်ပါကြောင်း၊ Meeting ID Password အပါအဝင် စာတမ်းဖတ်ပွဲနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သစ်တော ဦးစီးဌာန website (www.forest department.gov.mm)၊ သစ်တောဦးစီးဌာန facebook စာမျက်နှာ (Forest Department) နှင့် သစ်တောသုတေသနဌာန facebook စာမျက်နှာ (Forest Research Institute, Myanmar) တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်းစဉ်