Skip to main content

ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

(၁၁-၁၂-၂၀၂၀ ရက်၊ နေပြည်တော်)

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် ဘယ်လ်ဂျီယံ၊ နယ်သာလန်နိုင်ငံနှင့် အနီးတစ်ဝိုက် ဒေသများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသား (၁၆၈) ဦးအား မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့နှင့် သင်္ဘောကုမ္ပဏီတို့မှ ပူးပေါင်း စီစဉ်သည့် TUI လေကြောင်းလိုင်း စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ၈ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။

ထို့ပြင် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၃) ဦးအား မြန်မာသံရုံး၊ စင်ကာပူမြို့မှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇ : ၃၀) အချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၇) ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသားများနှင့် မြန်မာနိုင်ငံ သားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၊ သင်္ဘောကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရပါသည်။

#Ministry_of_Foreign_Affairs_Myanmar