Skip to main content

ရန်ကုန်တက္ကသိုလ်က မြန်မာနိုင်ငံရဲ့ ပညာရေးသမိုင်းကိုပဲကြည့်ကြည့်၊ နိုင်ငံရေးသမိုင်းကိုပဲကြည့်ကြည့်၊ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကိုပဲကြည့်ကြည့် ဖယ်ထားခဲ့လို့မရဘူး။ ဒီတန်ဖိုးတွေက အမျိုးသားအဆင့်အမွေအနှစ် သတ်မှတ်ဖို့ရာအတွက် အရည်အချင်းရှိတယ်

မြန်မာနိုင်ငံ၏ ပညာရေးသမိုင်းတွင်သာမက နိုင်ငံရေးသမိုင်းတွင်ပါ အရေးပါခဲ့ပြီး သမိုင်းအစဉ်အလာကြီးမားခဲ့သည့် ရန်ကုန်တက္ကသိုလ်ကို တည်ထောင်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် နှစ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့ သမိုင်းတန်ဖိုးကြီးမားလှသည့် ရန်ကုန်တက္ကသိုလ်ကို အမျိုးသားအဆင့် အမွေအနှစ်စာရင်းဝင်ရန် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တက္ကသိုလ်ကို အမျိုးသားအဆင့် အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်း အတွင်းရေးမှူး ဦးသူရအောင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်။

မေး။ ။ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်းအနေနဲ့ ရန်ကုန်တက္ကသိုလ်ကို အမျိုးသား အဆင့် အမွေအနှစ်စာရင်းဝင်ဖို့ ဆောင်ရွက်နေတဲ့ အခြေ အနေကို သိချင်ပါတယ်။

ဖြေ။ ။ ရန်ကုန်တက္ကသိုလ်ကို အမျိုးသားအဆင့်အမွေအနှစ်စာရင်းဝင်ဖို့ ကျွန်တော်တို့အသင်းက သတ်မှတ်လို့မရပါဘူး။ အမွေအနှစ်စာရင်းဝင်ဖို့ ဘယ်လို လုပ်သွားမလဲဆိုရင် ကျွန်တော်တို့အသင်းက အရပ်ဘက် အဖွဲ့အစည်းဖြစ်တဲ့အတွက် အမျိုးသားအဆင့် အမွေအနှစ် စာရင်းဝင်ဖို့ တင်သွင်းဖို့လိုအပ်တဲ့ သမိုင်းဆိုင်ရာ ပြုစုချက်တွေ၊ အမျိုးသားအဆင့် အမွေအနှစ်စာရင်းဝင်တဲ့အခါကျ ရင် ရန်ကုန်တက္ကသိုလ်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ အမွေအနှစ်ထိန်းသိမ်းရေး လမ်းညွှန်ချက်တွေ၊ ရန်ကုန် တက္ကသိုလ်အတွင်းမှာ ရှေ့လျှောက်ဘာတွေလုပ်သွားရမလဲ ဆိုတဲ့ အကြံပြုချက်တွေစတဲ့ ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ အကြံဉာဏ်တွေကို အဆိုပြုလွှာစာနဲ့တွဲပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြမယ်။ နည်းပညာအရသော်လည်း ကောင်း၊ ပညာရပ်ဆိုင်ရာ လုပ်ထုံးလုပ်နည်း အရသော်လည်း ကောင်း ဆက်ကူညီသွားမယ်။ တကယ်တမ်း လုပ်ရမှာက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ပြည်ထောင်စု အစိုးရကပဲ သတ်မှတ်တာကို လုပ်လို့ရမှာဖြစ်ပါတယ်။ သတ်မှတ်နိုင်အောင်အတွက် ဒီလိုအရည်အချင်းတွေ ရှိပါ တယ်၊ ဒီလိုဆိုရင် သတ်မှတ်လို့ရပါတယ်ဆိုတဲ့ အကြောင်း ကို ရန်ကုန်တက္ကသိုလ်က တာဝန်ရှိသူတွေကိုရော၊ တိုင်း ဒေသကြီးအစိုးရကိုရော၊ ပြည်ထောင်စုအစိုးရအဖွဲ့ကိုရော တင်ပြပေးသွားမယ်။

ရန်ကုန်တက္ကသိုလ်က သမိုင်းဆိုင်ရာအရ အရေးပါတဲ့ အမွေအနှစ်မြောက်တယ်။ ရန်ကုန်တက္ကသိုလ်က မြန်မာနိုင်ငံရဲ့ ပညာရေးသမိုင်းကိုပဲကြည့်ကြည့်၊ နိုင်ငံရေးသမိုင်း ကိုပဲကြည့်ကြည့်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကိုပဲ ကြည့်ကြည့် ရန်ကုန်တက္ကသိုလ်ကို ဖယ်ထားခဲ့လို့ မရဘူး။ မြန်မာနိုင်ငံရဲ့ အစောဆုံးတက္ကသိုလ်၊ အအောင်မြင်ဆုံး ဖြစ်ခဲ့တဲ့ တက္ကသိုလ်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်တို့အပြင် ဒေါက်တာမောင်မောင်ခ၊ ဒေါက်တာသန်းထွန်းတို့လို ပညာရှင်တွေ အများကြီးမွေးထုတ်ပေးခဲ့တဲ့နေရာ၊ နိုင်ငံရေးပြောင်းလဲမှုတွေ ဖြစ်ခဲ့တဲ့နေရာတစ်ခု၊ ဒီတန်ဖိုးတွေက အမျိုးသားအဆင့်အမွေအနှစ် သတ်မှတ်ဖို့ရာအတွက် အရည်အချင်းရှိတယ်။

မေး ။ ။ အမျိုးသားအဆင့်အမွေအနှစ်စာရင်း သတ်မှတ်နိုင်ဖို့ စတင်တာ ဘယ်အဆင့် ရောက်နေပြီလည်း ဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ရန်ကုန်တက္ကသိုလ်က သမိုင်းအမွေအနှစ်ထိုက်တယ်ဆိုတာကို ပြည်သူလူထုကို အသိပေး တယ်။ ဒီလအတွင်းမှာ ဘယ်လိုလုပ်မလဲဆိုတဲ့ အစီအစဉ် မူကြမ်းကို အပြီးရေးဆွဲမယ်။ ရန်ကုန်တက္ကသိုလ် သမိုင်း အကျဉ်းနဲ့ ရန်ကုန်တက္ကသိုလ်ကို ဘယ်နေရာအထိ သတ်မှတ်မလဲဆိုတာတွေကို ပြင်ဆင်ရေးတွေ လုပ်နေပါ တယ်။ ပြီးရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြ မယ်။ အခုကတော့ စပြီးဆော်ဩတဲ့အဆင့်ပဲ ရှိပါသေးတယ်။ အိုင်ဒီယာတွေ၊ ဘယ်လိုလုပ်ရမလဲဆိုတဲ့ လမ်းကြောင်းတွေ၊ မူဝါဒတွေရှိတယ်။ ပထမဆုံးအဆင့်အနေနဲ့ ရန်ကုန်တက္ကသိုလ် သည် နိုင်ငံတော်အဆင့် အမွေအနှစ်စာရင်းဝင်ခံထိုက်တဲ့ အကြောင်း ပြည်သူတွေသိအောင်ပြောတယ်။ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အစီ အစဉ်မူကြမ်းကို ဆွဲနေပြီ။ အဲဒါပြီးရင် ပြည်သူလူထုကို အသိပေးမယ်။ ရန်ကုန်တက္ကသိုလ်ကို အမွေအနှစ်စာရင်း တင်ဖို့အတွက် အဓိကသက်ဆိုင်သူတွေကို ဒီလိုမူကြမ်းရှိ တယ်ဆိုပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းမယ်။ ပူးပေါင်းဆောင် ရွက်ဖို့။ အဲဒီကတစ်ဆင့် သူတို့ပူးပေါင်းဆောင်ရွက်တယ် ဆိုရင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ပြီး အဆင့်ဆင့် ဆောင်ရွက်သွားမယ်။

မေး။ ။ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရဖို့ဘယ်လိုစံနှုန်းတွေ သတ်မှတ်ထားရှိလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ယဉ်ကျေးမှုအမွေအနှစ် သတ်မှတ်တဲ့နေရာမှာဘာစံနှုန်းတွေရှိလည်းဆိုတော့ ၂၀၁၉ ခုနှစ် ယဉ်ကျေးအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေရဲ့ ပုဒ်မ ၂(က)မှာ ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ သမိုင်းအရဖြစ်စေ၊ ယဉ်ကျေးမှုအရဖြစ်စေ၊ ရှေးဟောင်း သုတေသနအရဖြစ်စေ၊ အနုပညာလက်ရာမြောက်မှုအရ ဖြစ်စေ၊ မနုဿဗေဒအရဖြစ်စေ၊ ဘူမိဗေဒအရဖြစ်စေ၊ ဇီ၀ဗေဒအရဖြစ်စေ တန်ဖိုးကြီးမားသောကြောင့် ကာကွယ်ထိန်းသိမ်းရန်လိုအပ်သည့်ရှေးဟောင်းနေရာ သို့မဟုတ် ရှေးဟောင်းအဆောက်အအုံကိုဆိုသည်လို့ ပြဋ္ဌာန်းထားတဲ့အတွက် ဒီလိုတန်ဖိုးတွေ ကြီးမားလွန်းလို့ ကာကွယ်စောင့်ရှောက်သင့်တဲ့ အမွေအနှစ်အရည်အချင်းရှိရင် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လို့ရပါတယ်။ ရန်ကုန်တက္ကသိုလ်က နိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်းနဲ့လည်း ဆိုင်သလို ပညာရေးသမိုင်းနဲ့လည်းဆိုင်တယ်။ ဒီသမိုင်း တန်ဖိုးကြီးမားတဲ့ အရာတစ်ခုတည်းနဲ့တင် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်လို့ရတယ်။ ဒါ ၂၀၁၉ ခုနှစ် ယဉ်ကျေးအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရကို အကြုံးဝင်နေပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ အမျိုးသားအဆင့်အမွေအနှစ်အဖြစ် သတ်မှတ်ထားတာ ဘယ်နှစ်ခုလောက် ရှိလဲ။

ဖြေ။ ။ မြန်မာနိုင်ငံမှာ အမျိုးသားအဆင့်အမွေအနှစ်အဖြစ် သတ်မှတ်ထားတာ ၄၇ နေရာရှိတယ်။ အဲ့ဒီမှာ ရန်ကုန်က ၁၆ ခုပါတယ်။ အဲဒီထဲမှာ အကုန်လုံးက ဘုရားတွေချည်းပဲ။ ဒီစာရင်းတွေက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်မှာ ထုတ်ပြန် တဲ့စာရင်းတွေ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ Up Date မလုပ်နိုင်ဘူး။ ယဉ်ကျေးမှုအမွေအနှစ်လို့ ပြောလိုက်ရင် ဘုရားတွေချည်းပါနေတယ်။ ရန်ကုန်တက္ကသိုလ်ကို ဒီနှစ် ဒီအချိန်ခါလိုမျိုး ထည့်မယ်ဆိုရင် တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အားလုံးနဲ့ဆိုင်တဲ့ ပညာရေး၊ နိုင်ငံရေးနဲ့ဆိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ် အမျိုးစားတစ်ခု ထွက်လာမယ်။ ယဉ်ကျေးမှု အမွေအနှစ်လို့ပြောရင် ယဉ်ကျေးမှုတစ်ခုလို့ပြောရင် ဒီနိုင်ငံ မှာ ဖြစ်တည်နေထိုင်ခဲ့တဲ့လူတွေ ဒီနိုင်ငံဖြစ်လာဖို့အတွက် ဖြစ်တည်လာခဲ့တဲ့ သမိုင်းတွေ၊ ဓလေ့တွေ ဒါတွေနဲ့ဆက်စပ် ပြီး တန်ဖိုးရှိတယ်လို့ပြောရင် အမွေအနှစ်စာရင်းထည့်လို့ ရတယ်။

မေး။ ။ ရန်ကုန်တက္ကသိုလ်ကို အမျိုးသားအဆင့်အမွေအနှစ်အဖြစ် သတ်မှတ်လိုက်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိလာနိုင်မလဲ။

ဖြေ။ ။ အမျိုးသားအဆင့်အမွေအနှစ်အဖြစ် သတ်မှတ်လိုက်ရင် ရရှိလာမယ့် အကျိုးကျေးဇူးက ကာကွယ်စောင့်ရှောက်မှုရမယ်၊ လုံခြုံမှုရမယ်၊ လုံခြုံမှုဆိုတာ ဥပမာပေးရရင် ရန်ကုန်တက္ကသိုလ်ကို ယဉ်ကျေးမှုအမွေ အနှစ်အဖြစ် သတ်မှတ်လိုက်ရင် ရန်ကုန်တက္ကသိုလ် ပရဝဏ် နဲ့ ပေဘယ်လောက်အကွာမှာ ရန်ကုန်တက္ကသိုလ်ရဲ့ ပရဝဏ် ကို ကွယ်စေမယ့် အဆောက်အဦ ဆောက်တာမျိုး လုပ်လို့ မရတော့ဘူး။ အဲဒီအပြင် ဥပဒေအရ ကာကွယ်လိုက် တဲ့အတွက် ဒီအတွင်းမှာ ဒါလုပ်လို့မရဘူးဆို လုပ်လို့မရဘူး။ ရန်ကုန်တက္ကသိုလ်ရဲ့ ပရဝဏ်ကြီးတစ်ခုလုံးကို ကာကွယ်ပြီး သားဖြစ်တယ်။ နောက်ပြီး ရန်ကုန်တက္ကသိုလ်ထဲမှာရှိတဲ့ ရှေးဟောင်းအဆောက်အဦတွေရဲ့ လုံခြုံမှု၊ အမွေအနှစ် စာရင်းဝင်သွားရင် ရန်ကုန်တက္ကသိုလ်ထဲမှာရှိတဲ့ အဆောက် အဦတွေကို ပြုပြင်ထိန်းသိမ်းရေးလုပ်မယ်ဆိုရင် မူလ လက်ရာအတိုင်း ဆောက်ရမယ်။

မေး။ ။ အသင်းအနေနဲ့ မြန်မာနိုင်ငံအတွင်း တခြားနေရာတွေမှာ ယဉ်ကျေးမှုအမွေအနှစ် သတ်မှတ် နိုင်ဖို့ ဆောင်ရွက်တာရှိလား။

ဖြေ။ ။ အသင်းအနေနဲ့ လက်ရှိမှာ ဆောင်ရွက်နေတာက

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်က အောင်နန်းရွာမှာ ယဉ်ကျေးမှုအမွေအနှစ်နေရာတွေ ရှိတယ်။ အဆောက်အဦတွေရှိတယ်။ အောင်နန်းက ၁၉ ရာစု အစောပိုင်း လက်ရာတွေရှိတယ်။ အောင်နန်းမှာ စေတီအဆူပေါင်း ၁၀၀ ကျော် လောက်ရှိတယ်။ အဲဒီမှာ ရှေးဟောင်းသုတေသန မှတ်တမ်းစာရင်းကောက်နေတယ်။ ဒီစီမံကိန်းက မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ ညွှန်ကြားချက်နဲ့ ကောက်နေတယ်။ လက်ရှိကိုဗစ်ဖြစ်လို့ လုပ်ငန်းရပ်ဆိုင်းထားရတယ်။ ကိုဗစ်ကာလပြီးသွားရင် ဒီလုပ်ငန်းပြန်စပြီး တိုင်းဒေသကြီး လွှတ်တော်မှာ တိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ် စာရင်းထည့်သွင်းဖို့ တင်ပြမယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုလည်းတင်ပြမယ်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနကိုလည်း ပြုစုထားတဲ့ အချက်အလက်တွေ ပေးသွားမယ်။ တိုင်းဒေသကြီး အမွေအနှစ်ဝင်ရောက်နိုင် အောင် လုပ်သွားမယ်။

ဦးသူရအောင်

တွေ့ဆုံမေးမြန်း- မင်းသစ်(MNA)

ဓာတ်ပုံ-ကိုဇော်