Skip to main content

ပဲခူးမြို့နယ် စည်ပင်သာယာရေးလုပ်ငန်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပဲခူး ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ပဲခူးမြို့နယ် စည်ပင်သာယာရေး လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးမြို့သည် တိုင်းဒေသကြီး မြို့တော်တစ်ခုဖြစ်ပြီး စံပြမြို့တော်တစ်ခု ဖြစ်စေရန်လည်း မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးမြို့သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ထိစပ်လျက်ရှိခြင်း၊ ကုန်းလမ်း လမ်းဆုံမြို့တစ်ခုဖြစ်ခြင်းနှင့် စက်ရုံ/အလုပ်ရုံ ရင်းနှီးမြှုပ်နှံမှုများ များပြားလာခြင်းတို့ကြောင့် လူဦးရေတိုးပွာမှုများ အချိန်တိုအတွင်း ဖြစ်ပေါ်လာ နိုင်မည်ဖြစ်သည့်အပြင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး ဖြစ်ပေါ်လာပါကလည်း ထပ်မံ၍လည်း လူဦးရေတိုးပွားလာနိုင်မည်ဖြစ်ကြောင်း၊ ဒါကြောင့် မြို့ပြတစ်ခုတွင် လိုအပ်သည့် အိမ်ရာ၊ ရေသန့်စနစ်၊ အမှိုက်သိမ်းဆည်းခြင်းနှင့် စျေးများလည်း လိုအပ်လာနိုင်မည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေး အဖွဲ့အနေဖြင့် နောင်အနာဂတ်ကို မျှော်မှန်း၍ နှစ်အလိုက် ဘတ်ဂျက်ရေးဆွဲထားရန် လိုအပ်မည် ဖြစ်ကြောင်းနှင့် ပဲခူးမြို့အား Clean City မှ Green City သို့ ပြောင်းလဲသွားနိုင်ရေး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ယခုလို စည်ပင်သာယာရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ် များမှ အစိုးရအဖွဲ့နှင့် စည်ပင်သာယာရေး လိုအပ်ချက်များ၊ အစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို အပြုသဘောဖြင့် လာရောက်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှုအပေါ် ကျေးဇူးတင် ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ပဲခူးစျေးကြီးအတွင်းရှိ ကုန်စိမ်းစျေးအား ပြန်လည် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရမည့် အခြေအနေနှင့် အမှိုက်ပစ်နေရာ ရှာဖွေတင်ပြထားသည့် အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ဖဲဖောင်တော်ကွင်းအတွင်းရှိ အမှိုက်များအား ရှင်းလင်းဆောင်ရွက်မည့် အခြေအနေနှင့် မြို့ဦးကင်းစျေးသစ်ကြီးအတွက် နှစ်အလိုက်ဘတ်ဂျက်လျာထား ဆောင်ရွက်သွားမည့် အခြေအနေ ကိုလည်းကောင်း၊ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူများအတွက် အဓိက လိုအပ်သည့် ကုန်စိမ်းစျေး အဆင့်မြှင့်တင်ပေးရေးနှင့် အမှိုက်စွန့်ပစ်နေရာ ရှာဖွေထားရှိမှု အခြေအနေ များအား ဆွေးနွေးတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးမြို့မစျေးအတွင်းရှိ ကုန်စိမ်းစျေး အဆင့် မြှင့်နိုင်ရေး ဆောင်ရွက်မှုအပေါ် သဘောတူညီမှုရှိကြောင်းနှင့် အမှိုက်စွန့်ပစ်မည့်နေရာအတွက် အနာဂတ် တိုးပွားလာသည့် လူဦးရေနှင့်ချိန်ဆ၍ မြေနေရာအား ရွေးချယ်နိုင်ရေး ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့‌‌ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)