ပုသိမ် ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် ယမန်နေ့ညနေ ၅ နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ စစ်ဆေးရေးအဖွဲ့များ စစ်ဆေးမည့်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ပြည်သူအများ သိရှိအောင် အသံချဲ့စက်ဖြင့်ကြေညာခြင်းများ ဆောင်ရွက်ထားရှိရေး အထူးမှာကြားခဲ့ကြောင်းသိရသည်။
ပုသိမ်မြို့တွင် Stay at Home နယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲကာလ ပြီးဆုံးခဲ့ပြီးအချိန်များတွင် မြို့နယ်အတွင်း နေထိုင်ကြသူများအနေဖြင့်အပြင် ထွက်ကဒ်မပါပဲ သွားလာသူများပြားလာပြီး မြို့နယ်အတွင်း နယ်မြေကျော်လွန် ခရီးသွားလာခြင်း မရှိပဲ ရောဂါကူးစက်သူများလည်း များပြားလာ ပြီဖြစ်သည်။ သို့အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ မှ (၁၁-၁၂-၂၀၂၀)ရက်၊ သောကြာနေ့မှစ၍ ပုသိမ်မြို့ရှိ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်တွင် နံနက် ၇ နာရီ မှ ည ၇ နာရီအထိ စစ်ဆေးအရေးယူမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။ အပြင် ထွက်ကဒ်မပါသူများအား တစ်ဦးလျှင်ဒဏ်ငွေ ၃၀၀၀ ကျပ်၊ mask တပ်ဆင်ထားခြင်းမရှိပါက ဒဏ်ငွေ ၂၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး ဒုတိယအကြိမ်ထပ်မံစိစစ်တွေ့ရှိပါက ဒဏ်ငွေ ပေးဆောင်စေခြင်း မပြုတော့ဘဲ ကိုဗစ်-၁၉ ဥပဒေ စည်းမျဉ်းစည်းကမ်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ယခင်က ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပေးထားသော အပြင်ထွက် ကဒ်များကို ယခုအခါ အသုံးပြုခွင့်မပြုတော့ဘဲ မြို့နယ်ထွေအုပ်ရုံးမှ ထပ်မံထုတ်ပေးမည့် စည်းကမ်းချက်များနှင့် မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန ရုံးတံဆိပ်ပါရှိသော ကဒ်အသစ်များဖြင့်သာ သွားလာခွင့်ပြုတော့မည် ဖြစ်သည်။ သို့ပါ၍ ပြည်သူများအနေဖြင့် ပြင်ပထွက်ခွာခွင့်ကဒ် မပါဘဲအပြင်မထွက်ကြပါရန်နှင့် နယ်မြေကျော်လွန် စျေးဝယ်ခြင်းများပြုလုပ်မည် ဆိုပါက တစ်ရက်ချင်းအလိုက် (ရက်စွဲပါ)ထောက်ခံစာယူလာရမည်၊ mask တပ်ဆင်ပြီးသွား လာရမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာအေးထံမှသိရသည်။
မြင့်ဟန် (ပုသိမ်ခရိုင်ပြန်/ဆက်)