နေပြည်တော် ဒီဇင်ဘာ ၁၀
မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ (MSME)အတွက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ယခု အစည်းအဝေးသည် ဆွစ်ဇာလန်နိုင်ငံက မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အကူအညီပေးရေး အစီအစဉ်အရ Swiss Federal Institute of Intellectual Property (IPI) နှင့် ပူးပေါင်းကျင်းပသည့် ဆွေးနွေးပွဲဖြစ်ကြောင်း၊ ယနေ့ခေတ်သည် နည်းပညာယှဉ်ပြိုင်မှုများ မြင့်မားပြီး ကမ္ဘာ့စျေးကွက် ကျယ်ပြန့်လာသောကြောင့် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များသည် ကဏ္ဍတိုင်းအတွက် ပိုပြီးအရေးကြီးလာကြောင်း၊ မူပိုင်ခွင့်စနစ်သည် ဖန်တီးသူ နှင့် သုံးစွဲသူတို့အကြား အကျိုးစီးပွားဟန်ချက်ညီစေပြီး ဆန်းသစ်တီထွင်မှုများကို အားပေးဆွဲဆောင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ် ကြောင်း၊ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သည့် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို အာဏာသက်ဝင်နိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းများ၊ နည်းဥပဒေများ၊ လမ်းညွှန်ချက်များကို ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင် လျှောက်ထားခြင်းများအား ကြိုတင်လက်ခံခြင်းကို ဆောင်ရွက်နိုင်စေရန် မိမိတို့ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ပါကြောင်း။
မူပိုင်ခွင့်ကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အထူး လိုအပ်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိရိယာတစ်ခု အဖြစ် နိုင်ငံများစွာက အသုံးပြုလျက်ရှိပါကြောင်း၊ မူပိုင်ခွင့် ဥပဒေများကို ပြဋ္ဌာန်းကျင့်သုံးဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိနိုင်ခြင်း၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းအသစ်များ ပေါ်ပေါက် လာနိုင်ခြင်း၊ အဆင့်မြင့် နည်းပညာများကို လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ် လုပ်မှုမြင့်မား တိုးတက်လာနိုင်ခြင်း၊ တီထွင်ဖန်တီးသူနှင့် သုံးစွဲသူများအကြား အကျိုးအမြတ်ကို မျှတစွာခွဲဝေခံစား စေခြင်းဖြင့် စာပေအနုပညာနှင့် စက်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုများ ပေါ်ထွန်းလာနိုင်ခြင်းကြောင့် လူနေမှုအဆင့်အတန်းမြင့်မားလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဤဆွေးနွေးပွဲ မှတစ်ဆင့် မြန်မာနိုင်ငံ၏ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေဆိုင်ရာ သိကောင်းစရာများကို လေ့လာခွင့်ရရှိနိုင် မည့်အပြင် ဆွစ်ဇာလန်နိုင်ငံ၏ အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများတွင် မူပိုင်ခွင့်၏ အရေးပါပုံများ ကို လေ့လာခွင့်ရရှိနိုင်မည်ဖြစ်ပြီး မိမိတို့အနေဖြင့် စီးပွားရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူပိုင်ခွင့်အကာအကွယ်ပေးမှုများကို အတတ်နိုင်ဆုံး အသုံး ပြုကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဆွစ်ဇာလန်သံရုံးမှ Head of Cooperation and Deputy Head of Mission ဖြစ်သူ Mr. Giacomo Solari က မြန်မာနိုင်ငံ၏ ဒေသဆိုင်ရာအညွှန်းကဏ္ဍများ တွင် ကူညီထောက်ပံ့ ဆောင်ရွက်ပေးနေမှုများ၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ကုန်အမှတ် တံဆိပ်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြော ကြားသည်။
ဆက်လက်၍ မူပိုင်ခွင့်ဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဆိုင်ရာဥပဒေများ၊ ပြဋ္ဌာန်းထားရှိမှုများ၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသော လုပ်ငန်းရှင်များ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ဒုတိယဝန်ကြီး က နိဂုံးချုပ်စကားပြောကြားသည်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ Swiss Federal Institute of Intellectual Property (IPI)မှတာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များက အွန်လိုင်းမှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်