ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို ပညာပေးမျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့် ပြသခဲ့ရာ ပြည်သူများသိရှိနိုင် ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။ ။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုမှာ အွန်လိုင်းပေါ်ကနေ လုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်ကြမလဲ၊ အွန်လိုင်းပေါ်က အလုပ်အကိုင်အခွင့်အလမ်းတွေရဲ့ အလားအလာ တွေနဲ့ ပြင်ဆင်သင့်တဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမယ့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာအစီအစဉ်ကနေ ကြိုဆိုပါတယ်။
ဒီနေ့အစီအစဉ်မှာ ချိတ်ဆက်ကုမ္ပဏီလီမိတက်မှ CEO ဒေါ်ဟန်နီမြဝင်းနဲ့ MMtutors မှ Co-Founder & CEO ဒေါ်ဖူးပွင့်အိမ် တို့က ပါဝင်ဆွေးနွေးသွားမှာဖြစ်ပါ တယ်။
ပထမဦးဆုံး မေးခွန်းအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ MERRP လို့ခေါ်တဲ့ စီမံကိန်းအသစ်ကို ဆောင်ရွက်ဖို့ရှိနေ တယ်။ ဒီစီမံကိန်းအသစ်ထဲမှာ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းတွေကို အဓိက ဦးတည် ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းအရာတွေဖြစ်နေ တော့ ဒီအထဲမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေတဲ့ အွန်လိုင်းပေါ်က အလုပ်လုပ်ခြင်းနဲ့ပတ်သက်ပြီး ဒေါ်ဟန်နီမြဝင်းက ဆွေးနွေးပေးပါဦး။
ဒေါ်ဟန်နီမြဝင်း။ ။ အခုလို ဒစ်ဂျစ်တယ်ခေတ်မှာ လူတွေရဲ့ နေထိုင်မှုပုံစံတွေ ပြောင်းလဲလာတယ်။ အထူးသဖြင့် အခုလိုမျိုး ကပ်ရောဂါကျရောက် နေတဲ့အချိန်မှာ အလုပ်လုပ်တဲ့ပုံစံတွေက သိသိသာသာကို ပြောင်းလဲလိုက်ရ တာမျိုးတွေရှိပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ နည်းပညာကို အရင်ကထက် ပိုပြီးကျွမ်းကျင်လာအောင် လုပ်ရတယ်။ ကိုယ့်လုပ်ငန်းကို လူချင်းမတွေ့ရလည်း၊ ရုံးတွေ၊ ဆိုင်တွေပိတ်ထားရလည်း ဆက်လက်ရှင်သန် ကျန်နေရစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အရင်ဆုံး ရင်ဆိုင်ဖြေရှင်းရ တယ်။ ဒီအခက်အခဲတွေ ဖြေရှင်းဖို့အတွက်ကို အွန်လိုင်း ပေါ်ကနေချိတ်ဆက်ပြီး အပိုဝင်ငွေရှာတယ်ဆိုတာတွေ၊ လုပ်ငန်းရှင်တွေ အနေနဲ့ဆိုရင် အမြဲတမ်းဝန်ထမ်း ငှားထား တာထက်စာရင် အွန်လိုင်းပေါ်ကနေ အလွတ်တမ်းပညာရှင် တွေကို ငှားရမ်းအသုံးပြုလုပ်ကိုင်ကြပါတယ်။ ဒီလို Gig Economy ကို “Future of Work” အလုပ်အကိုင်တွေရဲ့ အနာဂတ်လို့ တင်စားပြောဆိုပြီး နိုင်ငံတကာရော၊ အာရှ နိုင်ငံတွေမှာပါ အထူးသဖြင့် ယခုလို ကပ်ရောဂါကာလ အတွင်းမှာ အရှိန်အဟုန်နဲ့ ထိုးဖောက်လာတာမျိုးကို တွေ့ရပါတယ်။
အားသာချက်တစ်ခု
Gig Economy ရဲ့ အားသာချက်တွေကို ပြောရမယ် ဆိုရင် အလုပ်ရှင်တွေနဲ့ အလုပ်လုပ်ကိုင်သူတွေအတွက် အများကြီးရှိပါတယ်။ ပထမဦးဆုံးအချက်အနေနဲ့ ဒါက Centralized မဟုတ်ပါဘူး၊ Distributed Workforce ဖြစ်တယ်။ ဖြန့်ကြက်ထားတဲ့ အလုပ်သမားအင်အား ဖြစ်တဲ့အတွက် နေရာ၊ ဒေသ ကွာဟချက်မျိုးတွေ မရှိဘူး။ ကိုယ့်အလုပ်က ရန်ကုန်မြို့မှာဖြစ်လို့ ဒီအနီးအနားမှာ နေထိုင်တဲ့သူတွေကို အလုပ်ခန့်ရမယ်ဆိုတာမျိုးတွေ မရှိဘူး။ အွန်လိုင်းကဖြစ်တဲ့အတွက် နယ်မြို့ကဖြစ်လို့ မြို့ပေါ်ကိုတက်ပြီး အလုပ်ရှာရတယ်ဆို တာမျိုးတွေလည်း ရှိမလာနိုင်တော့ဘူး။ အင်တာနက်ရှိရုံနဲ့ လူတိုင်းက အိုးမကွာ၊ အိမ်မကွာ လွတ်လွတ် လပ်လပ် အလုပ်လုပ်နိုင် တယ်ဆိုတာက အားသာချက်တစ်ခုဖြစ်ပါတယ်။
နောက်တစ်ခုက စရိတ်စက သက်သာမှုဖြစ်ပါတယ်။ အခုလိုမျိုး အကျပ်အတည်းကာလမှာ လုပ်ငန်းရှင်တွေ အနေနဲ့ ရှေ့ဆက်အလုပ်တွေပြီးဖို့ဆိုရင် ဝန်ထမ်းအသစ် တွေခန့်ဖို့ အခက်အခဲတွေဖြစ်နေချိန်မှာ ကျွမ်းကျင်ပြီးသား အလွတ်တမ်းပညာရှင်တွေကို တစ်နေရာထဲမှာ ချိတ်ဆက် ပြီး လုပ်ငန်းပြီးတဲ့အထိ တာဝန်ပေးလိုက်တာက အများကြီးဝန်ပေါ့ပါတယ်။ အခုလိုအချိန်မျိုးမှာ ကိုယ်ပိုင်လုပ်ငန်းငယ်တွေ စတင်တည်ထောင် ဖို့အတွက်ဆိုရင် အလွတ်တမ်း ပညာရှင်တွေရဲ့ အကူအညီနဲ့ စွန့်စားလို့ရတဲ့ အခြေအနေ တစ်ခုကို ဖန်တီးပေးတာဖြစ်ပါတယ်။
ဒီလိုပဲ အလုပ်လုပ်ကိုင်တဲ့သူတွေဘက်က ကြည့်မယ် ဆိုရင် သွားလာစရိတ်တွေ၊ ဘတ်စ်ကားပေါ်မှာ ပေးလိုက်ရ တဲ့အချိန်တွေ ဒါမျိုးတွေ အများကြီးကို လျှော့ချနိုင်တာဖြစ်တဲ့အတွက် စရိတ်သက်သာတယ်လို့ ပြောလို့ ရပါတယ်။ အလုပ်တစ်ခုထဲကိုပဲ အာရုံပိုစိုက်လာနိုင်တာမျိုးတွေ ရှိပါတယ်။
နောက်ဆုံးတစ်ခု စိတ်ဝင်စားစရာကောင်းတဲ့ အချက်က Gig Economy မှာ ဘယ်သူမဆို အင်တာနက် ရှိရုံနဲ့ အလုပ်လုပ်တာမျိုးဖြစ်တဲ့အတွက် ပုံမှန်လုပ်ငန်းခွင် ထဲ ဝင်ရောက်ဖို့ ခက်ခဲတဲ့သူတွေ၊ အိမ်မှာနေမှ အဆင်ပြေ မယ့်သူတွေ (ဥပမာ - မသန်စွမ်းတွေ၊ အိမ်ထောင်ရှင်မတွေ) တစ်ပိုင်တစ်နိုင်နဲ့ အလုပ်လုပ်ဖို့အတွက် အခွင့်အရေး အများကြီး ပေါ်ပေါက်လာပါတယ်။ အရင်ခေတ်က အိမ်မှာ ဖုန်းတစ်လုံးရှိတယ်ဆိုရင် ဒါက အိမ်ထောင်ဦးစီး အမျိုးသား တွေနဲ့ပဲဆိုင်တယ်။ နည်းပညာဆိုတာ အမျိုးသမီးတွေ အတွက် အလွန်အလှမ်း ဝေးတယ်ဆိုတဲ့ အတွေးအခေါ် တစ်ခုကနေ အခု Gig Economy ရဲ့ အကျိုးကျေးဇူးအနေနဲ့ ချိတ်ဆက်ကုမ္ပဏီလီမိတက်မှာရှိတဲ့ ဒေတာတွေအရ ပြန်ကြည့်မယ်ဆိုရင် အွန်လိုင်းပေါ်က အလွတ်တမ်းအလုပ် လုပ်ကိုင်နေတဲ့ အမျိုးသား၊ အမျိုးသမီး ရာခိုင်နှုန်းမှာ အမျိုးသမီးတွေက ပိုမိုများပြားတာကို စိတ်ဝင်စားဖွယ် တွေ့ရှိရပါတယ်။ တခြားအများကြီးရှိပါသေးတယ်၊ ဒါတွေ က ထင်ရှားတဲ့ အားသာချက်တွေဖြစ်ပါတယ်။
အစီအစဉ်မှူး။ ။ အွန်လိုင်းပေါ်မှာ များသောအားဖြင့်ဘယ်လိုအလုပ်အကိုင် အခွင့်အလမ်း တွေ ရရှိလာနိုင်သလဲ ဆိုတာကို ဒေါ်ဖူးပွင့်အိမ်က ဆွေးနွေးပေးပါဦး။
ဒေါ်ဖူးပွင့်အိမ်။ ။ အွန်လိုင်းကနေ လုပ်တယ်ဆိုတဲ့အလုပ်အကိုင်တွေကို ဆွေးနွေးမယ်ဆိုရင် အကြမ်းဖျင်း အားဖြင့် နှစ်ခုခွဲလို့ ရပါတယ်။ အချိန်ပိုင်း အလုပ်လုပ်တာရှိတယ်၊ Project အလိုက် လုပ်သွားတာမျိုးတွေ ရှိတယ်။ အခုနောက်ပိုင်း ခေတ်စား တဲ့ အလုပ်အကိုင်တွေက လက်ရှိ မြန်မာနိုင်ငံမှာဆိုရင် အွန်လိုင်းကနေ Graphic Design လုပ်တာမျိုးတွေ၊ Application ရေးတာတွေ၊ ဘာသာပြန်အလုပ်တွေ အဲဒီလိုမျိုး အလုပ်အကိုင်တွေက လက်ရှိမှာပိုပြီး အလုပ်များကြ တယ်။
ကွန်ပျူတာကျွမ်းကျင်ရမှာဖြစ်
ဒါ့အပြင် အချိန်ပိုင်းအနေနဲ့ ပြန်သွားမယ်ဆိုရင် အချိန်ပိုင်းဈေးကွက်ရှာဖွေတာမျိုးတွေ၊ အချိန်ပိုင်း စာသင် တာမျိုးတွေ ဒီလိုအလုပ်အကိုင်မျိုးတွေလည်း ရှိလာတယ်။ အွန်လိုင်းကနေ အလုပ်လုပ်တဲ့အခါ ကွန်ပျူတာ ကျွမ်းကျင်ရမှာ ဖြစ်ပါတယ်။ ဒီဟာတွေလုပ်တာမျိုးမဟုတ်ဘဲ ဘယ်လိုတွေများလာပြီလဲဆိုရင် အွန်လိုင်း ကနေပြီး ကိုယ်ကျွမ်းကျင်တဲ့ အိမ်ပြင်တာတို့၊ ရေပိုက်ပြင်တာတို့၊ မီးပြင်တာတို့ အဲဒီကနေစလို့ အိမ်ထောင်မှု ထိန်းသိမ်းရေးအကူတွေကိုပါ လုပ်ကိုင်လာကြပါတယ်။ အွန်လိုင်းမကျွမ်းကျင်ဘဲနဲ့ အလုပ်တွေ သွားလုပ်လို့ ရနေပြီ ဖြစ်ပါတယ်။
အခုအွန်လိုင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း တော်တော်ကိုပေါလာပြီဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ နည်းပညာကျွမ်းကျင်မှ မဟုတ်ဘူး၊ နည်းပညာမကျွမ်းကျင်ဘူးဆိုရင်လည်း ကိုယ်သိတဲ့အသိ သို့မဟုတ် အေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး Freelance Platform ကနေ ကိုယ်ကျွမ်းကျင်တာတွေကို ချိတ်ဆက် ထားလို့ရပါတယ်။
အစီအစဉ်မှူး။ ။ လူတစ်ယောက်က အွန်လိုင်းပေါ်ကနေအလုပ်လျှောက်တယ်ဆိုရင် ဘယ်လို နည်းလမ်းတွေနဲ့ ဘယ်လိုနေရာတွေမှာ ရှာဖွေနိုင်သလဲ ဆိုတာကို ဒေါ်ဟန်နီမြဝင်းက ဆွေးနွေးပေးပါဦး။
ဒေါ်ဟန်နီမြဝင်း။ ။ အလုပ်ရှာလို့ရတဲ့ နေရာတွေကအွန်လိုင်းပေါ်မှာ အများကြီးရှိပါ တယ်။ နိုင်ငံတကာမှာဆိုရင် တစ်ကမ္ဘာလုံးကလူတွေကို ချိတ်ဆက်ပေးနေတဲ့ Global Platform တွေ ရှိပါတယ်။ သူတို့မှာ အမျိုးအစားလည်း တော်တော်စုံလင်ပါတယ်။ ဥပမာ Fiverr, Upwork, Freelancer.com တို့ဖြစ်ပြီးတော့ အားလုံးက IPO ဝင်ပြီး စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ ကြီးတွေဖြစ်ပါတယ်။ များသောအားဖြင့် အဲဒီလို Global Platform တွေမှာ ဘယ်လိုနိုင်ငံက လူတွေကို တွေ့ရသလဲ ဆိုရင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ဘက်က Freelance တွေ အများအပြားရှိတာကို တွေ့ရပါတယ်။
Local Platform တွေရဲ့ အားသာချက်
Global Platform က အတော်ကျယ်ပြန့်တဲ့အခါ နောက်တစ်မျိုးအနေနဲ့ ဒေသတွင်း ဈေးကွက်နဲ့ ကိုက်ညီ မှုရှိတဲ့ အချင်းချင်း ချိတ်ဆက်ပေးတဲ့ Platform မျိုးတွေရှိ တယ်။ နိုင်ငံအသီးသီးအလိုက် ဥပမာ အရှေ့တောင် အာရှနိုင်ငံတွေမှာဆို ဗီယက်နမ်မှာ Vlancers၊ ထိုင်းမှာ ဆိုရင် Fastwork ဆိုပြီး Local Freelance Platform တွေ လည်း ရှိပါတယ်။ Local Platform တွေရဲ့ အားသာချက်က ဘာလဲဆိုရင် ဘာသာစကားတူညီတယ်၊ အချိန်ကာလက လည်းတူတယ်။ အဲဒီအခါ ကိုယ်က ဒီမှာတစ်ခုခုကို လိုအပ် နေချိန်မှာ တစ်ဖက်က ညဖြစ်နေတာမျိုး ကွာခြားချက် တွေ မရှိတော့ပါဘူး။ ပြီးတော့ ဒေသတွင်းနိုင်ငံတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို နားလည်တဲ့အတွက် ပြောဆိုဆက်ဆံရတာလည်း လွယ်ကူတယ်။ ငွေပေးငွေချေမှု စနစ်ကလည်း များသောအားဖြင့် Global Platform တက်ပြီဆိုရင် Visa, Master ကတ်တွေအပါအဝင် နိုင်ငံတကာ အွန်လိုင်းငွေပေးချေမှုစနစ်တွေရှိမှသာ ကိုယ်က လုပ်ကိုင်နိုင်မယ့် အခြေအနေမျိုးရှိပါတယ်။ Local Platform တွေက Local မှာ ဘယ်လိုမျိုးအွန်လိုင်း Payment တွေရှိလဲ၊ အဲဒါတွေကို အကုန်လုံးလည်း တစ်ခါတည်း ပါဝင်ပြီးသားဖြစ်တဲ့အတွက် အဆင်ပြေတယ်။
တချို့တွေက Sector Specific အထူးပြုကဏ္ဍအနေနဲ့ သွားတာမျိုးတွေရှိပါတယ်။ Creative ပညာရှင်တွေ၊ ဒီဇိုင်း ဆွဲသူတွေကိုပဲ သီးသန့်ချိတ်ဆက်ပေးတာမျိုး၊ Software Engineer, Developer နဲ့ နည်းပညာကျွမ်းကျင်တဲ့သူတွေ သာ ချိတ်ဆက်ပေးတာမျိုး၊ ဒေသအတွင်းမှာ တစ်နေရာကို သွားပြီး ကိုယ်ကအလုပ်လုပ်ပေးရတယ်ဆိုတဲ့ အချိန်ပိုင်း အလုပ်မျိုးတွေအတွက် သီးသန့်ချိတ်ဆက်ပေးတယ်ဆိုတဲ့ Platform တွေလည်းရှိပါတယ်။ ကိုယ်က အလုပ်အကိုင် အတွေ့အကြုံမရှိသေးဘူးဆိုရင်တောင်မှ ကိုယ်လေ့လာ ထားတဲ့ဘာသာရပ်တွေကို Udemy တို့၊ Skillshare တို့လို Platform တွေမှာ ပြန်လည်ဝေမျှပြီး အပိုဝင်ငွေရှာလို့ လည်းရပါတယ်။
အစီအစဉ်မှူး။ ။ အွန်လိုင်းကနေပြီး အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ဘာတွေလိုအပ်သလဲ၊ ကိုယ့်အနေနဲ့ ဘာတွေပြင်ဆင်ထားဖို့ သင့်သလဲ ဆိုတာကို ဒေါ်ဖူးပွင့်အိမ်က ဆွေးနွေးပေးပါဦး။
ဒေါ်ဖူးပွင့်အိမ်။ ။ အွန်လိုင်းကနေ အလုပ်စလုပ်တော့မယ်ဆိုရင် အလုပ်လျှောက်တော့ မယ်ဆိုတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ရေးရာဇာဝင် CV ကို သေချာပြင်ဆင်ထားဖို့လိုမယ်။ ပြီးရင် ကိုယ်ပြင်ဆင်ထား တာတွေကို ပို့ပေးဖို့နဲ့ အွန်လိုင်းကနေ အလုပ်လုပ်ကိုင်မှာ ဖြစ်တဲ့အတွက် အီးမေးလ် လိပ်စာတစ်ခုရှိဖို့ လိုအပ်ပါတယ်။ တခြားအနေနဲ့ဆိုရင် ကိုယ်က အလုပ်လုပ်တော့မှာဆိုရင် ကိုယ့်ကိုယ်ကိုယ် ရောင်းရမှာဖြစ်ပါတယ်။ ရောင်းဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေဖြစ်တဲ့ Cover Letter၊ ကိုယ်ဒီအလုပ်ကို ဘာလို့လုပ်ချင်သလဲ၊ ဘာရည်ရွယ်ချက် တွေရှိသလဲဆိုတဲ့ အကြောင်းအရာတွေကို သေချာပြင်ဆင်ဖို့လိုမယ်။ ပြီးတဲ့အခါ ကိုယ်အလုပ်လုပ်ကိုင်ခဲ့ဖူးတဲ့နေရာ က ပရောဂျက်၊ လုပ်ငန်းက ထောက်ခံစာလို Recommen-dation Letter တောင်းဖို့ လိုမှာဖြစ်ပါတယ်။
ကိုယ့်ကို ယုံကြည်လောက်အောင်
ကိုယ်လုပ်ချင်တဲ့အလုပ်အပေါ်မှာ မူတည်ပြီး Application Form ကို ဖြည့်ဖို့လိုမယ်။ များသောအားဖြင့် Application Form မှာ ဒါတွေပဲ တောင်းမှာဖြစ်ပါတယ်။ ဒီစာရွက်စာတမ်းတွေနဲ့အတူတူ Professional Photo ဓာတ်ပုံနှစ်ပုံ ရိုက်ထားဖို့တော့လိုပါတယ်။ ဆယ်လ်ဖီ ပုံတွေကတော့ အဆင်မပြေပါဘူး။ ကိုယ့်ကို ယုံကြည် လောက်အောင် သေချာဝတ်ဆင်ပြီး ရိုက်ထားတဲ့ Profess-ional Photo ဓာတ်ပုံနှစ်ပုံ လိုပါမယ်။ များသောအားဖြင့် တော့ သိပ်ပြီးမတောင်းကြပါဘူး။
ဒါပေမယ့် ကိုယ်က ကြိုတင်ပြင်ဆင်ထားစေချင်ပါတယ်။ အချိန်ပိုင်းအလုပ်တွေမှာတော့ ပိုပြီးလိုအပ် တတ်ပါတယ်။ များသောအားဖြင့် Onetime Project လို၊ Freelancer အနေနဲ့တော့ မလိုအပ်ပါဘူး။ ကိုယ့်မှာရှိထား ရင်တော့ ကောင်းပါတယ်။ အဲဒါတွေက ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာ ရဲ့ Profile Link တွေ၊ ကိုယ်က ယုံကြည်စိတ်ချရရဲ့လားဆိုတာ လုပ်ငန်းရှင်တွေအနေနဲ့ ဒါတွေကို လေ့လာချင်တာလည်း ရှိတတ်ပါတယ်။ အဲဒါကြောင့် ဆိုရှယ်မီဒီယာရဲ့ Profile Link မှာ ကိုယ်လုပ်နေတဲ့အလုပ်ကို Work Profile ကောင်းကောင်းထည့်ထားဖို့ လိုပါမယ်။
ပြီးတဲ့အခါ Legal Document တွေဖြစ်တဲ့ သန်းခေါင် စာရင်း၊ မှတ်ပုံတင်၊ ပတ်စ်ပို့တွေ အားလုံးကို စာရွက် စာတမ်းအနေနဲ့ မဟုတ်ဘဲ ဖုန်းထဲမှာ Scan ဖတ်ပြီး Softcopy အနေနဲ့ သိမ်းထားစေချင်ပါတယ်။ ပညာအရည် အချင်းထောက်ခံချက်တွေ၊ ဆယ်တန်းအောင်လက်မှတ်လို တက်ခဲ့ဖူးတာတွေ၊ ဒါပေမယ့် ကိုယ်လျှောက်မယ့် အလုပ် အပေါ်မူတည်ပြီး လိုအပ်တဲ့ Education Certificate တွေကို သိမ်းထားဖို့လိုပါတယ်။
တစ်ဖက်မှာ ကိုယ့်အနေနဲ့ အလွတ်တမ်းပညာရှင် Freelancer တို့လို အချိန်ပိုင်းအလုပ် လုပ်ကိုင်တယ်ဆိုရင် ကျင့်ဝတ်တွေရယ်လို့ အခုအချိန်ထိရေးထားတာမရှိဘူး။ ဒါပေမယ့်ကိုယ့်အနေနဲ့ Communication ကောင်းကောင်း လုပ်ရမယ်။ Communication ဆိုရာမှာ အီးမေးလ်ပုံမှန် စစ်ရမယ်။ များသောအားဖြင့် ကိုယ်အလုပ်လျှောက်လိုက် ပြီးရင် အဲဒီအလုပ်က ဘာတွေပြန်ပြောမလဲ၊ ပြန်ဆက် သွယ်မလဲ၊ ကိုယ်အလုပ်ရသွားခဲ့ပြီဆိုရင်လည်း ဘယ်လို ပရောဂျက်တွေထွက်လာပြီလဲ ဒါတွေကို ပုံမှန်စစ်နေဖို့ လိုပါတယ်။ အလုပ်က လျှောက်လိုက်ရင် ဖုန်းဆက်ကြတာ များတယ်။ ဒါပေမယ့် ကိုယ်က Freelancer ၊ အွန်လိုင်းကနေ သွားတော့မယ်ဆိုရင် အီးမေးလ်ကို ကျွမ်းကျွမ်းကျင်ကျင်၊ လျင်လျင်မြန်မြန် အသုံးပြုနိုင်ဖို့လည်း လိုအပ်တဲ့ အတွက် ဘယ်လိုထိထိရောက်ရောက် ဆက်သွယ်မလဲဆိုတဲ့ Communication Skill လည်းလိုအပ်ပါတယ်။
ကျွန်မအနေနဲ့ အကြံပြုချင်တာက ကိုယ်တာဝန်ယူ ထားတဲ့အလုပ် Freelance လုပ်တာ၊ Part-time အချိန်ပိုင်း လုပ်တာတို့မှာ အဲဒီအချက်က တော်တော်အခက်အခဲ ရှိပါတယ်။ ကိုယ်က ဒါကို လက်ခံထားပြီဆိုရင် မငြင်းသင့်ဘူး၊ Deadline နီးတော့မှ မလုပ်နိုင်တော့ဘူး၊ မပြီးနိုင်တော့ဘူး အဲဒီအခါ ကိုယ့်အပေါ်မြင်တဲ့ အမြင်က မကောင်းနိုင်တော့ ဘူး။ အေဂျင်စီအနေနဲ့လည်း အဆင်မပြေဘူး။ လုပ်ငန်းရှင် အနေနဲ့လည်း ထိခိုက်နစ်နာမှုတွေ ရှိနိုင်တဲ့အတွက် အဲဒါက အရေးကြီးပါတယ်။
ဒါကအခြေခံအားဖြင့် ကိုယ်စထားတဲ့အရာတစ်ခုကို အဆုံးသတ်ပြီးသည်အထိ တာဝန်ယူလုပ်ကိုင်ဖို့ ဒါက တော့ အခြေခံအချက်အနေနဲ့ Online Job လုပ်ချင်တဲ့ သူတွေအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ထင်ပါတယ်။ ကျန်တာတွေကတော့ အများကြီးရှိပါတယ်။ လျှောက်တဲ့ အလုပ်အပေါ်မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။
အစီအစဉ်မှူး။ ။ ဒစ်ဂျစ်တယ်နည်းပညာနဲ့ လုပ်ငန်း
တွေကို လုပ်ကိုင်တော့မယ်ဆိုရင် လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်တဲ့အခါ ဘယ်လိုအဆင့်မျိုးတွေ ကြုံရနိုင်သလဲ ဆိုတာကိုလည်း ဒေါ်ဟန်နီမြဝင်းက ဆွေးနွေးပေးပါဦး။
ဒေါ်ဟန်နီမြဝင်း။ ။ ဒါက တကယ်တော့ အတော့်ကိုလွယ်ကူပါတယ်။ ခုဆိုရင် App တွေကိုသုံးပြီး တက္ကစီတွေ ငှားနေကြပြီ။ အစားအသောက် တွေ မှာနေကြပြီ။ အွန်လိုင်းမှာ အလုပ်လုပ်တာကလည်း တစ်ပုံစံတည်းပါ၊ အဲဒီလို အဆင့်တွေအနေနဲ့ လုပ်သွားရ တယ်။ ပထမဦးဆုံးအနေနဲ့ စာရင်းသွင်းရမယ်။ လုပ်ငန်း ရှင်အနေနဲ့ စာရင်းသွင်းမလား၊ အလုပ်လုပ်ကိုင်သူအနေနဲ့ စာရင်းသွင်းမလား။ အဲဒီနှစ်ခုကိုတော့ ကွဲကွဲပြားပြား သိဖို့လိုပါတယ်။
Verify လုပ်မယ်
ကိုယ်က စာရင်းသွင်းလိုက်ပြီဆိုရင် ကိုယ့်ဆီကို အီးမေးလ်ရောက်လာမယ်။ Verify လုပ်မယ်။ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေတောင်းမယ်။ ပလက်ဖောင်း တွေ ကွာချင်ကွာသွားမယ်။ အချိန်ပြည့်လား၊ အချိန်ပိုင်းလား၊ Freelance အလွတ်တမ်းပညာရှင်လား ကွာချင်ကွာသွားမယ်။ တောင်းတာတွေက များသောအားဖြင့် ဒါတွေ ပဲဖြစ်ပါတယ်။
လုပ်ငန်းရှင်အနေနဲ့ ကိုယ့်ရဲ့ ကုမ္ပဏီအချက်အလက်၊ Personal Information တွေ ထည့်ပေးရတာတွေရှိမယ်။ ပြီးရင် ပထမဦးဆုံး ကိုယ့်ရဲ့အကောင့်ထဲကို Login ဝင်ရ တယ်။ Login ဝင်ပြီး ပရောဂျက်တစ်ခုကို စပြီးတင်ရတယ်။ ကိုယ်က ဘယ်လိုလူမျိုးကို လိုချင်သလဲ အဲဒါမျိုးကို အသေးစိတ်ဖော်ပြဖို့အတွက် နေရာကိုသွားရပါတယ်။ အလွတ် တမ်းပညာရှင် လိုတာလား၊ အချိန်ပိုင်းကို ရှာတာလား။
Freelance အလွတ်တမ်းကို သွားပြီဆိုရင် ပထမဆုံး အနေနဲ့ Title ပေါ့ ဥပမာ - အမျိုးသားအောင်ပွဲနေ့အတွက်ကို ဒီဇိုင်းတစ်ခုဆွဲချင်တယ်၊ လိုချင်တယ်ဆိုရင် ခေါင်းစဉ် တစ်ခုပေးလိုက်တယ်။ ဂရပ်ဖစ်ဒီဇိုင်းဆိုတဲ့ Category ကို ရွေးလိုက်တယ်။ ပြီးရင် Sub Category တွေ ရှိတယ်။ ဂရပ်ဖစ်ဒီဇိုင်းမှာမှ ဘယ်လိုမျိုးဂရပ်ဖစ်ဒီဇိုင်းဆိုတာ၊ ဘယ်လိုဝန်ဆောင်မှုမျိုးကို လိုချင်တယ်ဆိုတာတွေကို အဆင့်ဆင့်ရွေးပေး ရတယ်။
ပြီးတော့ ကိုယ်က ဒီဇိုင်းကို ဘာနဲ့ဆွဲစေချင်တာလဲ၊ Adobe Illustrator နဲ့ ဆွဲစေချင်တာလား၊ Photoshop နဲ့ ဆွဲစေချင်တာလား ။ အဲဒါမျိုးတွေ Skill တွေကို ရွေးပေးလို့ ရတယ်။ ကိုယ်ရွေးသလောက် သက်ဆိုင်တဲ့ Skill တွေ ကျလာတယ်။ နောက်တစ်ခုက အချိန်ပါ။ ကိုယ်က ဒီဇိုင်းကို အချိန် တစ်နာရီအတွင်း လိုချင်တာလား၊ နှစ်နာရီအတွင်း လိုချင်တာလား။ နှစ်ပတ်အတွင်း လိုချင်တာလားဆိုတာ အချိန်ရွေးပေးရပါတယ်။
နောက်တစ်ခုက ဘတ်ဂျက်ပါ။ ဘယ်လောက် အနည်း ဆုံးသုံးစွဲမယ်ပြောလို့ရတယ်။ ဒါမှမဟုတ် လာလျှောက် ကြတဲ့အထဲမှာ ရွေးမယ်လို့လည်းပြောလို့ရတယ်။ နောက်တစ်ချက်က အသေးစိတ်ပါ။ ဥပမာ ဒီဇိုင်းက အမျိုးသားအောင်ပွဲနေ့နဲ့ပတ်သက်တဲ့ ဒီဇိုင်း၊ စာသားမှာ၊ ဒီဇိုင်းပေါ်မှာ ဘာတွေပါချင်တယ်။ ဘယ်လို အရောင်တွေ သုံးချင်တယ်။ ကိုယ်က အကြမ်းနှစ်ပုံလောက် လိုချင်တယ်။ အဲဒီအထဲမှာမှ ပြန်ရွေးမယ်။ Revise ဘယ်နှခေါက်လောက် လုပ်ချင်တယ်။ အဲဒါမျိုးတွေကို အသေးစိတ် ရေးပေးလို့ရတယ်။
ဝန်ဆောင်ခပေးရတာတွေရှိမယ်
ဝန်ဆောင်မှုရွေးချယ်တဲ့အပိုင်းမှာ Freelancer အသစ်တွေ သုံးမယ်ဆိုရင် ငွေကြေးကုန်ကျတာမျိုးလည်း မရှိဘူး။ Free တင်လို့ရတယ်။ အလွန်နာမည်ကြီးတဲ့ သူတွေနဲ့ သုံးမယ်ဆိုရင်တော့ ဝန်ဆောင်ခပေးရတာတွေ ရှိမယ်။ ပြီးတော့ Enterprise ဆိုရင် အချို့ပရောဂျက်တွေက Website တွေ၊ App တွေ အကြီးစားရေးဆွဲတဲ့အခါ ၆/၇ လ ရေရှည်သွားရတာတွေရှိတယ်။ အဲဒီအတွက် Project Management တွေလိုချင်တယ်ဆိုရင်တော့ Enterprise ကိုရွေးချယ်လို့ရပါတယ်။ ကိုယ်သင့်တော်တဲ့ ဝန်ဆောင်မှု Service ကိုရွေး၊ ပြီးရင်တော့ Post Project button ကို နှိပ်လိုက်တယ်။ အဲဒါဆိုရင်တော့ အလုပ်တင်တဲ့အပိုင်း ပြီးသွားပြီ။ အလုပ်တင်ပြီးသွားရင် System ဘက်ကနေ၊ ပလက်ဖောင်းဘက်ကနေ စိစစ်တာမျိုးတွေ ရှိပါတယ်။
Freelancer တွေဘက်ကဆိုရင်လည်း ဂရပ်ဖစ်ဒီဇိုင်း လို့ တင်လိုက်တဲ့အခါ ဂရပ်ဖစ်ဒီဇိုင်းနဲ့ပတ်သက်တဲ့ ဒီဇိုင်းနာတွေအကုန်လုံးဆီကို အီးမေးလ်ရောက်သွားပြီ။ ကိုယ်က အီးမေးလ်ကို ပုံမှန်စစ်နေမယ်၊ မြန်မြန်ဆန်ဆန် ဆက်သွယ်အကြောင်းပြန်နိုင်မယ်ဆိုရင် သူများတွေထက် ကိုယ်က အခွင့်အလမ်း ပိုရမှာဖြစ်ပါတယ်။ အီးမေးလ် စစ်လိုက်မယ်။ ခုနလို အသေးစိတ် အချက်အလက်တင်ပြ ထားတာတွေကို ကြည့်လိုက်မယ်ဆိုရင် ကိုယ်က Cover Letter ကောင်းကောင်းနဲ့ လျှောက်ထားသူ အများကြီးကြား ထဲက ကိုယ့်ကို ဘာလို့ရွေးသင့်တယ်။ ဘာလို့ဒီပရောဂျက် အတွက် လုပ်သင့်တယ်ဆိုတာမျိုးကို သေချာရေးပြီး တင်လိုက်လို့ရပါတယ်။ သူက သုံးရက်နဲ့ အပြီးလုပ်ရမယ် ဆိုပေမယ့် ကိုယ်က နှစ်ရက်နဲ့အပြီးလုပ်နိုင်တယ်။ ဒါပေမယ့် ဘယ်လောက်တော့ ကျမယ်ဆိုတာမျိုး ရေးနိုင်သလို၊ သူ့ရဲ့ သတ်မှတ်ထားတဲ့ဘတ်ဂျက်အတွင်း လုပ်နိုင် မယ်ဆိုလည်းရတယ်။
တင်လိုက်တာတွေအကုန်လုံးကိုလည်း လုပ်ငန်းရှင် တွေဘက်ကနေ Dashboard ထဲကို ဝင်မယ်။ Active Project ထဲမှာ ကိုယ့်ရဲ့ပရောဂျက်ကို လူတွေ ဘယ်လောက်လျှောက် ထားသလဲ။ လျှောက်ထား တဲ့သူတွေထဲကမှ တချို့က နှစ်ရက်နဲ့ပြီးမယ် ဘယ်လောက်၊ အချို့က သုံးရက်နဲ့ပြီးမယ် ဘယ်လောက် စသဖြင့်နဲ့ သူတို့ရဲ့ Profile တွေကိုလည်း ဝင်ကြည့်လို့ရမယ်။ ဘာတွေလုပ်ခဲ့ဖူးသလဲ။ အရင်အလုပ် တွေကရော ဘာတွေပြောသလဲ Review တွေကို စစ်ကြည့် လို့ရမယ်။ သူတို့နဲ့ စကားတွေပြောလို့ရမယ်။ အပြင်မှာ အလုပ်လုပ်သလိုမျိုးပဲ။ အလုပ်စကားတွေ ပြောလို့ရမယ်။ စကားပြောရင်း ဈေးတွေလည်း ညှိလို့ရမယ်။ အားလုံး လျှောက်တဲ့သူတွေ အများကြီးထဲကမှ ဒီတစ်ယောက်ကို သဘောကျသွားပြီ၊ ခန့်တော့မယ်ဆိုရင် Hire ဆိုတဲ့ ကလစ် Button ကို နှိပ်ရမယ်။
နှစ်ဦးနှစ်ဖက် Communicate လုပ်တာဆိုတော့ ကိုယ့်ဘက်က ခန့်လိုက်ပြီဆိုရင် ခန့်လိုက်တဲ့ ပညာရှင်အနေ နဲ့လည်း သူပြောတဲ့ရက်မှာပြီးဖို့ကို တစ်ခေါက်လက်ခံပေး ရတယ်။ အဲဒီလို လက်ခံပြီးသွားပြီဆိုရင်တော့ နှစ်ယောက် ချိတ်ဆက်မိသွားပြီ၊ နောက်ထပ်လာမယ့် အဆင့်ကတော့ Payment ပါ။ ငွေပေးချေဖို့အတွက် Online Payment ဆိုရင် Bank Transfer တွေ ရှိမယ်။ e wallet တွေ၊ Visa Master တွေ၊ MPU ကတ်နဲ့လည်း ပေးလို့ရပါမယ်။
အဲဒီလို ပေးပြီးသွားပြီဆိုရင် Chat Room ထဲမှာ စကားတွေပြောလို့ရမယ်။ အလုပ်တွေ လုပ်လို့ရမယ်။ Chat Room ထဲမှာ ပြောတာကလည်း Massager နဲ့ Viber မှာ စကားပြောသလိုမျိုးပဲ။ လွယ်ပါတယ်။ ဖိုင်တွေလည်း ပို့လို့ရမယ်။ အဆင်ပြေလား၊ ဒီနားလေးလိုနေသေးတယ်၊ ပြန်ဆွဲပေးပါဦး စသဖြင့်ပြောလို့ရမယ်။ အလုပ်တွေပြီးသွား ပြီ၊ ဖိုင်တွေပို့ပြီးသွားပြီဆိုရင် လုပ်ငန်းရှင်ဘက်ကပရောဂျက်၊ လုပ်ငန်းကို ပြီးမြောက်ကြောင်း အသိအမှတ်ပြုပေးရတယ်။
မှတ်ချက်တွေပေးခဲ့လို့ရ
အသိအမှတ်ပြုပြီးသွားပြီဆိုရင် အဆင့်သတ်မှတ်ချက် တွေနဲ့သူ့ကို မှတ်ချက်တွေပေးခဲ့လို့ ရပါတယ်။ တက္ကစီ ငှားပြီးသွားရင်၊ အစားအသောက်တွေမှာပြီးသွားရင် ကြယ်ပွင့်လေးတွေနဲ့ မှတ်ချက်ပေးသလိုမျိုးပါပဲ။ ဒီလူက ကောင်းတယ်၊ ဆိုးတယ်၊ ဘယ်လိုနေရာတွေမှာ လိုအပ် တယ်၊ ဒါမှမဟုတ် အဆင်ပြေတယ် အဲဒီလို မှတ်ချက်တွေ ကလည်း အလုပ်လုပ်ကိုင်သူအတွက် အရေးကြီးပါတယ်။ အလွတ်တမ်းပညာရှင်အနေနဲ့ လုပ်ငန်းအကုန်လုံး ပြီးမြောက်အောင်မြင်မှသာ ဒီပရောဂျက်အတွက် ဝင်ငွေကို လက်ခံရရှိပါမယ်။
အဲဒီလို Grantee လုပ်ထားတာဖြစ်တဲ့အတွက် ရလာ တဲ့ သုံးသပ်ချက်၊ မှတ်ချက်တွေကိုလည်း အခြားလုပ်ငန်းရှင် က မြင်နေရတယ်။ အကယ်၍ ကိုယ်က ဒီပရောဂျက် တစ်ခုကို ကောင်းကောင်းမွန်မွန်နဲ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်ထားပြီးပြီဆိုရင် နောက်ထပ်ပရောဂျက်တွေ အများ ကြီးရဖို့အတွက်လည်း အခွင့်အလမ်းရှိပါတယ်။ ဒါကတော့ သူ့အဆင့်အလိုက် ပြောပြသွားတာပါ။ အဆင့်တွေက များတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် အွန်လိုင်းကနေ အလုပ်လုပ်တာဖြစ်တဲ့အတွက် အားသာချက်တွေ အများ ကြီးရှိပါတယ်။ အပြင်မှာအလုပ်လုပ်တာနဲ့ ကွာဟချက် အများကြီးရှိတာတော့ မဟုတ်ပါဘူး။
အစီအစဉ်မှူး။ ။ ဒေါ်ဖူးပွင့်အိမ်အနေနဲ့ ဒီအစီအစဉ်ကနေပြည်သူတွေကို ထပ်မံပြီး အသိပေးချင် တာရှိရင်လည်း မျှဝေပေးပါဦး။
ဒေါ်ဖူးပွင့်အိမ်။ ။ ကျွန်မအနေနဲ့ အကြံပြုချက်ပေးချင်တာက ဒီခေတ်အခါ လက်ရှိ မြန်မာ နိုင်ငံမှာကလည်း တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးတိုးတက်နေပြီ ဆိုတော့ အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း ရှိတယ်။ များသောအားဖြင့် အချိန်ပြည့် Full time လုပ်တဲ့ အလုပ်တွေကို ရှာနေမယ့်အစား ကိုယ်ဝါသနာပါရာ၊ ဘာကို ဝါသနာပါမှန်းမသိသေးဘူးဆိုရင်လည်း ကိုယ်ကျွမ်းကျင် ရာ တစ်ခုခုကို စမ်းသပ်ပြီးလုပ်ကိုင်ကြည့်ဖို့လည်း အခွင့် အလမ်းတွေရှိလာပြီ။ အခုအချိန်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနေပြီ။ အွန်လိုင်းဖြစ်သွား တဲ့အခါကျတော့ နိုင်ငံအတွင်းသာမက ပြည်ပကအလုပ်အကိုင် ပရောဂျက်တွေ၊ အခွင့်အလမ်းတွေကို ယူမယ်ဆိုရင် ရနိုင်နေပြီဖြစ်ပါတယ်။
အဲဒီအတွက် ကျွန်မတို့ အလုပ်လုပ်ဖို့ပဲ ကျန်တော့ တယ်။ အလုပ်လုပ်ကြမယ်။ အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု Skill တွေ၊ စာရွက်စာတမ်းလိုအပ် ချက်တွေကို ပြင်ဆင်ထားဖို့ လိုပါတယ်။ ကိုယ်ကျွမ်းကျင် တာမရှိသေးဘူးဆိုရင်လည်း ကိုယ်လုပ်ချင်တာ၊ ဖြစ်ချင် တာကို ပိုပြီးကျွမ်းကျင်အောင်လုပ်ရင်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရနိုင်နေပြီဖြစ်ပါတယ်။ နိုင်ငံတွင်းသာ မဟုတ်ဘူး၊ ပြည်ပနိုင်ငံတွေက ပလက်ဖောင်းတွေ အများကြီးရှိပါတယ်။ အဲဒီလိုပလက်ဖောင်းတွေကနေ ပရောဂျက်တွေ ယူလို့ရပါတယ်။
ပြောချင်တာက ကိုယ်ကျွမ်းကျင်တာရှိခဲ့ရင် အလုပ်မလုပ်သေးဘူးဆိုရင်လည်း ပြန်သင်ပေးလို့ ရပါတယ်။ မျှဝေပေးလို့ရနေပြီ ဖြစ်ပါတယ်။ အဲဒီအခါကျတော့ အလုပ်လုပ်ဖို့ပဲ လိုတော့တယ်။ ကျွန်မတို့ နိုင်ငံအတွက် အလုပ်လုပ်ကြမယ်။ အကောင်းဆုံးကြိုးစားကြမယ်။ ကျွန်မတို့ နိုင်ငံက Work Force တွေ အများကြီးလည်း လိုအပ်နေတာဖြစ်တဲ့အတွက် အားလုံးကို စလုပ်လိုက်ပါ တော့လို့ အကြံပြုချင်ပါတယ်။
အစီအစဉ်မှူး။ ။ ဒေါ်ဟန်နီမြဝင်းအနေနဲ့လည်း ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း မျှဝေပေး ပါဦး။
ဒေါ်ဟန်နီမြဝင်း။ ။ အမေရိကန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၃/၄နှစ်လောက်က အခု ၂၀၂၀ ပြည့်နှစ် ကုန်မှာ အမေရိကန်တစ်နိုင်ငံလုံးရဲ့ သုံးပုံ တစ်ပုံသော အလုပ်သမားအင်အားတွေဟာ Freelancer အလွတ်တမ်း ပညာရှင်တွေဖြစ်မယ်လို့ ကြိုတင်ခန့်မှန်းခဲ့တာတွေရှိပါတယ်။ တကယ်တမ်း ၂၀၂၀ မှာ ကပ်ရောဂါဖြစ်သွားတော့ အကုန်လုံးနီးပါးက အိမ်ထဲမှာ Remote Working ကို အကျွမ်းတဝင်ဖြစ်သွားတယ်။ အလုပ်သမားအင်အားရဲ့ ၁၀၀ ရာခိုင်နှုန်းနီးပါးလောက် အိမ်ကနေပဲ အလုပ်လုပ်ဖြစ် သွားတယ်။
အခုထက်ပိုပြီး ပါဝင်စေချင်
ဒီလိုနည်းပညာကို အသုံးပြုပြီး အလုပ်လုပ်ကိုင်ပုံ ပြောင်းလဲလာတာမှာ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေ၊ အလုပ်အကိုင်ရှာဖွေနေသူတွေ အခုထက်ပိုပြီး ပါဝင်စေချင် တယ်။ ဘွဲ့ရကျောင်းပြီးတဲ့၊ လုပ်ငန်းခွင်ကို မရောက်သေး တဲ့ မြန်မာလူငယ်တွေဟာ အချိန်ပိုင်းလုပ်ကိုင်တာနဲ့ပဲ အတွေ့အကြုံတွေ၊ အပိုဝင်ငွေတွေ ရှာဖွေလို့ရပါတယ်။ မြန်မာအမျိုးသမီးတွေ၊ အိမ်ရှင်မတွေဆိုရင်လည်း အိုးမကွာ အိမ်မကွာနဲ့ နည်းပညာကို အသုံးချပြီး အလုပ်လုပ်လို့ရ တယ်။ ဒါကလည်း တစ်နည်းတစ်ဖုံနဲ့ အလုပ်အကိုင်ရှားပါး မှုကို လျှော့ချသွားမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်ကို နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုအနေနဲ့ နိုင်ငံတကာကို၊ အိမ်နီးချင်းနိုင်ငံ တွေကို အွန်လိုင်းကနေချိတ်ဆက်ပြီး အလုပ်လုပ်ကိုင်လို့ ရနေပြီ၊ အဲဒီလို အခြေအနေမှာ အကုန်လုံးကို ကြိုးစား ကြည့်စေချင်ပါတယ်။ လေ့လာစေချင်ပါတယ်။ ဒီထက် ပိုပြီး ဒစ်ဂျစ်တယ် အွန်လိုင်းပေါ်မှာ အလုပ်အကိုင်အခွင့် အလမ်းတွေ အများကြီးရှိနေတယ်ဆိုတာ သိစေချင်တယ်။ ဘယ်လိုနေရာမှာအလုပ်တွေရှိတယ်၊ ဘယ်လို တွေလုပ်ရ မယ်ဆိုတာ အဆင့်ဆင့် ပြောပြပြီးသွားပြီဆိုတော့ ရောက်အောင်သွားမှ ဒီထက်ပိုပြီး အလုပ်အကိုင်တွေ၊ အတွေ့အကြုံတွေ များများရမှာပါ။ ဒီထက်ပိုပြီး နည်းပညာကိုတိုးချဲ့ပြီး အသုံးပြုရတဲ့ အချိန်မှာ အလုပ်အကိုင် ရှာဖွေလုပ်ကိုင်ခြင်းကလည်း ထိပ်ဆုံးက ပါတယ်လို့ ပြောချင်ပါတယ်။
ထက်လျှံ