အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကြီးမား လှစွာသော အဟန့်အတား၊ အတားအဆီး တစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လိုလျှင်အဂတိလိုက်စားမှုများကို မဖြစ်မနေ သုတ်သင် ရှင်းလင်း တိုက်ဖျက်ဖို့လိုသည်။
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဖွဲ့စည်းခြင်းကိုလည်း ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြုပေးသည်။ နိုင်ငံတော်အနေ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နိုင်ငံရေးစိတ်ဆန္ဒပြင်းပြ စွာဖြင့် ကြိုးပမ်းခဲ့ရာ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု Global Corruption Barometer ASIA 2020 စစ်တမ်းတွင် အာရှ ၁၇နိုင်ငံ၌ မြန်မာက အဆင့်(၁)နေရာ တွင် အမြင့်ဆုံးအသိအမှတ်ပြုခံခဲ့ရသည်။ ဤသည်မှာ မိမိတို့နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကြိုးပမ်းစွမ်းဆောင်မှုများ အပေါ် ထင်ဟပ်နေသော်လည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အဂတိလိုက်စားမှု အမြစ်ကင်းပြတ် ပပျောက်သွားရေးအတွက် မှာမူကာလရှည်ကြာစွာ ဆက်လက် ကြိုးပမ်းသွားကြရဦးမည် ဖြစ်သည်။
အဂတိလိုက်စားမှုသည် မိမိတို့နိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအဖို့ နိုင်ငံစီးပွားဖွံ့ဖြိုးရေး၊ ခေတ်မီတိုးတက်ရေး အကောင်အထည်ဖော် တည်ဆောက်ရာတွင် မြန်နိုင်သမျှမြန်မြန် ဖယ်ရှားရှင်းလင်း ပစ်ရမည့် သိတ်အဆို ခလုတ်တံသင်းဖြစ်သည်။ အဂတိလိုက်စားမှု၏ အကျိုးဆက်များက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို အောက်သို့ဆွဲချနိုင်သည်။ အဂတိလိုက်စားမှုကြောင့် အစိုးရ၏အခွန်ဝင်ငွေ ရသင့် သလောက်မရ၊ အသုံးစရိတ် တို့တွင်လည်း ပိုမို၍ကုန်ကျသည်။ အစိုးရကို တရားဝင် အခွန်ဆောင်မည့်အစား အကျင့်ပျက်ဝန်ထမ်းကို လာဘ်ထိုးကာ အခွန်လျော့ပါးရေး၊ အခွန်တိမ်းရှောင်ရေး ပြုလုပ်ကြခြင်း၊ ကုန်ကျစရိတ်ကြီးမားသည့် ဧရာမစီမံကိန်းကြီးများတွင်ရှင်းလင်း မြင်သာမှုမရှိသော စရိတ်စကများ စသည်တို့က အဂတိလိုက်စားသူ အတွက် အခွင့်အလမ်းသဖွယ်ဖြစ်နေခြင်း စသည်တို့ အားဖြင့် နိုင်ငံ့ဘဏ္ဍာကို ထိခိုက်စေသလို နိုင်ငံ့ဖွံ့ဖြိုးရေးနှင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့ကဲ့သို့သော လူမှုရေးဖွံ့ဖြိုးမှုတို့ အပေါ်တွင်ပါ ထိခိုက်နစ်နာစေသည်။ ထို့အပြင် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကိုပါ အဂတိလိုက်စားမှု များဖြင့် ချိုးဖောက်ကြသည့်အခါ လူမှုရေး နစ်နာမှုများနှင့်အတူ လူ့အဖွဲ့အစည်း၏ တည်ငြိမ်မှုကိုပါ ထိခိုက် ပျက်စီးစေသည်။
ယခုအခါ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာနှင့်ဆန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် နိုင်ငံတိုင်းလိုလိုမှာပင် မိမိတို့နိုင်ငံသားများ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်မှ ကယ်တင်နိုင်ရေးအပြင် ကပ်ရောဂါကာကွယ် ဆေးများ ရရှိဖြန့်ဝေနိုင်ရေး၊ လူတိုင်း ထိုးနှံပေးနိုင်ရေး၊ ကပ်ရောဂါကာလအလွန်တွင် စီးပွားရေးများ ပြန်လည်ထူထောင်နိုင်ရေးတို့အတွက် ကြိုးပမ်းလျက်ရှိကြသည်။ ယင်းသို့သောအခြေအနေတွင် မြွေပူရာ ကင်းမှောင့်သည့်သဖွယ် အဂတိလိုက်စားမှုတို့ပေါ်ပေါက်လာပါက ပြန်လည်ထူထောင် ရေးတို့ နှောင့်နှေးနိုင် သလို ကမောက်ကမ ပျက်စီးနိုင်သည့် အလျောက် အဂတိကင်းကင်းဖြင့် ဖြောင့်မတ်တည်ကြည်စွာ ကြိုးပမ်းဆောင်ရွက်နိုင်ဖို့လိုသည်။ သို့ဖြစ်သည့်အတွက် ယခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ကို “ဖြောင့်မတ် တည်ကြည်မှုဖြင့် ပြန်လည်ထူထောင်ကြပါစို့ " "Recover with Integrity" ဟူ၍သတ်မှတ်ထားရာ ကပ်ရောဂါကြောင့် ကြုံတွေ့လာရသည့် အခက်အခဲများကို အဂတိကင်းကင်းဝင့်မတ် တည်ကြည်ခြင်းဖြင့်ရင်ဆိုင်ဖြေရှင်းကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးဘဝ၊ လူမှုရေးဘဝ ပြန်လည်ထူထောင်ရေးတို့တွင် အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)