နေပြည်တော် ဒီဇင်ဘာ ၁၀
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ပုဂ္ဂလိကပညာရေးကဏ္ဍ ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် Online စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပုဂ္ဂလိကပညာရေးကဏ္ဍနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံတော် အနေဖြင့် ပညာရေး၌ ပိုမိုရင်းနှီးမြှုပ်နှံခြင်း၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများ ပံ့ပိုးပေးခြင်း၊ ဖွံ့ဖြိုးမှုအားနည်းသောဒေသများကို ဦးစားပေး ဖြည့်ဆည်းပေးခြင်းများကို လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသူ ကျောင်းသားများ ဘေးကင်းလုံခြုံ၍ ကျန်းမာပျော်ရွှင်သော အရည်အသွေးရှိ ပညာ သင်ယူမှု အခွင့်အလမ်းများတိုးမြှင့်ရရှိစေရန် ဦးတည်အကောင်အထည်ဖော်လျက်ရှိပါ ကြောင်း၊ အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရာတွင် ကမ္ဘာ့လူသားကောင်း စိတ်ဓာတ်ရှိမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ တာဝန်ယူမှု တာဝန်ခံမှု နှင့် ဆန်းသစ်တီထွင်မှုကို ဦးတည်လျက် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု (IQ)၊ စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှု(EQ)နှင့် ၂၁ ရာစု အရည် အသွေးများ ပြည့်ဝမှုအတွက် ထည့်သွင်းပုံဖော်သွားမည်ဖြစ်သကဲ့သို့ အဆင့်မြင့် နည်းပညာများအသုံးပြု၍ သင်ကြားသင်ယူနိုင်ရေးအတွက် ထည့်သွင်းရေးဆွဲထားပါ ကြောင်း၊ မျှော်မှန်းရလဒ်မူဘောင်များပါဝင်စေပြီး ကာလတို၊ ကာလလတ်၊ ကာလရှည် အညွှန်းကိန်းဦးတည်ချက်များ ပြည့်မီမှုကို စိစစ်အကဲဖြတ်သွားရမည်ဖြစ်ပါကြောင်း၊ သို့သော် ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများ၊ တိုင်းရင်းသား မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း။
ပညာရေးပြုပြင်ပြောင်းလဲမှုတွင် အရည်အသွေးမြင့်မားသော ပညာရေးကို အမျိုးသား ပညာအရည်အချင်းမူဘောင်သတ်မှတ်ချက်နှင့်အညီ တစ်သက်တာသင်ယူမှု အခွင့်အလမ်းများ မြှင့်တင်အကောင်အထည်ဖော်ကာ အဆင့်မြင့်ကျွမ်းကျင်မှုများ ရရှိလာ အောင် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးနှင့် အဆင့်မြင့်သော စွမ်းရည်များကသာ အလုပ်အကိုင်ကောင်းများ ရရှိရေးအတွက် အာမခံ နိုင်မည်ဖြစ်ပါကြောင်း၊ ကိုယ်ပိုင်ကျောင်းများ၏ သင်ကြားသင်ယူ မှုတွင် သီအိုရီပိုင်း၊ လက်တွေ့ပိုင်းနှင့် လုပ်ငန်းခွင် အတွေ့အကြုံရရှိရေးတို့ကို ချိတ်ဆက်ထည့်သွင်း ပေးစေလိုပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးအတွက် အခြေခံပညာကျောင်း များမှ ဆရာ၊ ဆရာမများနည်းတူ ပုဂ္ဂလိကကျောင်းများမှ ဆရာ၊ ဆရာမများအားလည်း သင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကျောင်းများသို့ တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသားများ အခြေခံပညာကျောင်းများ သို့မဟုတ် နိုင်ငံတကာ ကျောင်းများသို့ လွယ်ကူစွာ ပေါင်းကူးတက်ရောက် နိုင်ရေးအတွက် Credit Transfer စနစ် အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ ပညာရေးအရည်အသွေး မြင့်မားလာရေး အတွက် ဦးတည်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြပါရန် မေတ္တာရပ်ခံပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော အမျိုးသားပညာ ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေး နွေးကြရာ တက်ရောက်လာကြသူများက အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)