Skip to main content

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ (၃၄) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၀

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ (Myanmar Extractive Industry Transparency Initiative Multi-Stakeholder Group) (၃၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ  ၁  နာရီတွင် Video Conferencing  စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ EITI ညှိနှိုင်း‌ရေးမှူး ဦးအေးလွင်၊ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းနှင့် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်ကဏ္ဍကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ နာယကများဖြစ်ကြသည့် မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့မှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်း အဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက  မြန်မာနိုင်ငံသည် နိုင်ငံတကာ EITI အဖွဲ့ ဝင်နိုင်ငံဖြစ်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ရမည့် ပြည်တွင်းလုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အဖွဲ့ဝင် လောင်းနိုင်ငံအဖြစ် လက်ခံထားပြီးဖြစ်၍ တင်းပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်လာရန် လိုအပ်ချက်များကို ဆက်လက်ဖြည့်ဆည်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးသို့ နှစ်စဉ်ပေးပို့ရမည့် အစီရင်ခံစာများ ကိုလည်း အချိန်မီပေးပို့နိုင်ခဲ့ကြောင်း၊ နိုင်ငံတကာ EITI အတွင်း ရေးမှူးရုံး၏ ပထမအကြိမ် အကဲဖြတ်ချက်အရ မြန်မာနိုင်ငံ၏ EITI ဖော်ဆောင်မှုလုပ်ငန်းစဉ်များ သည် အဓိပ္ပါယ်ပြည့်ဝသော တိုးတက်မှုအဆင့် (Meaningful Progress) ကို ရရှိခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်အကုန်တွင် ဒုတိယအကြိမ် အကဲဖြတ်မှုရှိမည်ဖြစ်ကြောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ၊ သတ္တုနှင့်ကျောက်မျက်ကဏ္ဍ၊ သစ်တောကဏ္ဍ စသည့် သဘာဝသယံဇာတဆိုင်ရာကဏ္ဍများမှ ပါဝင်ပတ်သက်သော အစိုးရ၊ ပုဂ္ဂလိက၊ အရပ်ဖက်အဖွဲ့ အစည်းများအနေဖြင့် နိုင်ငံတကာ EITI စံနှုန်းများပြည့်မီစေရန် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများ ပြည့်ဝစေရန် ဆက်လက် ကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

အစည်းအဝေးတွင် (၆) ကြိမ်မြောက်နှင့် (၇) ကြိမ်မြောက် MEITI အစီရင်ခံစာများ တင်သွင်းရေး၊ လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်သူ ငှားရမ်းဆောင်ရွက်ခြင်း၊ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာစာရင်း ဇယားများ ပွင့်လင်းမြင်သာမှု၊ စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှု ကိစ္စများအပါအဝင် ပထမအကြိမ် အကဲဖြတ်စဉ်က ထောက်ပြခဲ့သော ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်သည့်အချက်များကို အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး၍ အတည်ပြုဆုံးဖြတ်ကြပြီး အစည်း အဝေးကို  ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)