Skip to main content

ပညာရေးဝန်ကြီးဌာန၏ ၂၁ ရာစု မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေးကဏ္ဍ၏ အခွင့်အလမ်းသစ်များနှင့် စိန်ခေါ်မှုသစ်များ ခေါင်းစဉ်ဖြင့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၉

ပညာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ၂၁ ရာစု မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေးကဏ္ဍ၏ အခွင့်အလမ်းသစ် များနှင့် စိန်ခေါ်မှုသစ်များ (New Challenges and Opportunities for Higher Education in Myanmar in the 21st Century) ခေါင်းစဉ်ဖြင့် ညှိနှိုင်းအစည်းအဝေးပွဲကို ယမန်နေ့ ညနေ ၅ နာရီခွဲတွင် Online စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးလုပ်ငန်းတွင် အပြည်ပြည်ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက် လျက်ရှိသော Prof. Dr. Jamil Salmi ၏ ကိုယ်ရေးအချက်အလက်များကို ပညာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ Prof. Dr. Jamil Salmi က ၂၁ ရာစု မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေးကဏ္ဍ၏ အခွင့်အလမ်းသစ် များနှင့် စိန်ခေါ်မှုသစ်များခေါင်းစဉ်ဖြင့် ဆန်းသစ်တီထွင်မှု အတွက် ပညာဗဟုသုတ၏ အရေးပါပုံ၊ ပညာရေးတွင် ဆန်းသစ်တီထွင်မှု၏ အရေးပါပုံနှင့် မြန်မာနိုင်ငံအတွက် အကြံပြုချက်များကို ညှိနှိုင်းဆွေးနွေးတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်