Skip to main content

အာဆီယံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ (၁၆) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေး Virtual Format ဖြင့် ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၉

အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ (၁၆) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲတွင် Virtual Format ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ASEAN-PAC အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ ကိုယ်စား လှယ်များ တက်ရောက်ကြပြီး မြန်မာ နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး ဦးဆောင်သည့် အဖွဲ့ဝင်များ ပါဝင်တက်ရောက်ကြသည်။

ASEAN-PAC အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများမှ အင်္ဂလိပ်အက္ခရာ အစဉ်လိုက် အလှည့်ကျ သဘာပတိ အဖြစ် ဆောင်ရွက်ကြရာ ယခု (၁၆) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးကို အလှည့်ကျ သဘာပတိဖြစ်သည့် ဗီယက်နမ်နိုင်ငံ အစိုးရ စုံစမ်းစစ်ဆေးရေးဌာန (Government Inspectorate of Viet Nam-GIV) က ဆောင်ရွက်ခြင်း ဖြစ်သည်။

အရှေ့တောင်အာရှ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (South East Asia Parties Against Corruption-SEA-PAC) ကို ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် စတင် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၃ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အဖွဲ့ဝင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ SEA-PAC အဖွဲ့ကို ASEAN အသင်းကြီးအောက်ရှိ Entity တစ်ခုအဖြစ် ပါဝင်နိုင်ရေးအတွက် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ၂၀၁၇ ခုနှစ်တွင် အတည်ပြုလက်ခံခဲ့ပြီး SEA-PAC အမည်မှ ASEAN-PAC သို့ တရားဝင်ပြောင်းလဲ ခဲ့သည်။

ယခုနှစ် အစည်းအဝေးကို “Better Governance, Less Corru-ption” ခေါင်းစဉ်အောက်တွင် ကျင်းပ ခြင်းဖြစ်ပြီး ယခင်နှစ်က ကျင်းပခဲ့သော (၁၅) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးမှတ်တမ်းကို အတည်ပြု ခြင်း၊ လုပ်ငန်းညွှန်းတမ်း ပြင်ဆင် အတည်ပြုခြင်း၊ ၂၀၂၀-၂၀၂၂ လုပ်ငန်း စီမံချက် ပြင်ဆင်အတည်ပြုခြင်း၊ အဖွဲ့၏ အမှတ်တံဆိပ် ပြင်ဆင် အတည်ပြုခြင်း၊ အဖွဲ့ဝင်နိုင်ငံအသီးသီး ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို နိုင်ငံအလိုက် ရှင်းလင်းဆွေးနွေးခြင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဖြစ်ပေါ် တိုးတက်မှု အခြေအနေများ၊ ယခင်နှစ်က အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ထိုင်းနိုင်ငံ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ၂၀၂၁ ခုနှစ်တွင် အလှည့်ကျ သဘာပတိ အဖြစ် ဆောင်ရွက်မည့် ဘရူနိုင်းနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရိုသို့ တာဝန် လွှဲပြောင်း ပေးအပ်ခြင်းတို့ကို ရင်းနှီး ပွင့်လင်းစွာ ရှင်းလင်းဆွေးနွေး ဆောင်ရွက်ကြသည်။

သတင်းစဉ်